<

၁၆ နှစ်အရွယ် မိန်းကလေးကို မုန့်ဟင်းခါးဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သူများအား ရွှေပြည်သာမြို့နယ်တွင် အမှုဖွင့်

၁၆ နှစ်အရွယ် မိန်းကလေးကို မုန့်ဟင်းခါးဆိုင်တွင် အလုပ်ရရှိမည်ဟု ပြောဆိုပြီး ပြည့်တန်ဆာ အလုပ်လုပ်ရန် စေခိုင်းခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သြဂုတ် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်နေ မ…. (၁၆နှစ်) သည် ရွှေပြည်သာမြို့နယ် အခြေခံ အလုပ်သမားအဖွဲ့ရုံးသို့ သြဂုတ်၂၀ ရက် ညနေ ၄ နာရီခန့်က လာရောက်ပြီး ပခုက္ကူမြို့နယ်တွင် ပြည့်တန်ဆာအလုပ်ကို စေခိုင်းခံရသည်ဟု ပြောဆိုသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မ….(၁၆နှစ်) အား မေးမြန်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မေးမြန်းရာ မ….(၁၆နှစ်) သည် ပြီးခဲ့သည့် တစ်လကျော်ခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်မှ ထွက်လာခဲ့ရာ ရွှေပြည်သာမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း အနီးအရောက်၌ ၎င်းနှင့် ယခင်က ခင်မင်ရင်းနှီးသူ မအိလေး (ခ) အိသန္တာမိုး ဆိုသူနှင့် တွေ့ခဲ့ကြောင်း၊ ထိုသို့တွေ့ပြီးနောက် မ….(၁၆နှစ်) က အလုပ်လုပ်ချင်ကြောင်း ပြောဆိုရာ မအိလေးက ပခုက္ကူမြို့ရှိ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်တွင် အလုပ်ရှိကြောင်း၊ လုပ်အားခလည်း များများရမည်ဖြစ်ကာ လုပ်မည်ဆိုပါက လမ်းစရိတ် အကုန်အကျခံမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

မ…က အလုပ်လုပ်ကိုင်ရန် သဘောတူခဲ့ပြီး ဇူလိုင် ၉ ရက်တွင် မအိလေး ငှားရမ်းပေးသည့် ဆိုင်ကယ်ဖြင့် အောင်မင်္ဂလာ အဝေးပြေးသို့ သွားရောက်ခဲ့ကြောင်း၊ ထို့နောက် မအိလေး (ခ) အိသန္တာမိုးက ဖုန်းဖြင့် ဆက်သွယ်ပြီး ပခုက္ကူမြို့မှ ကားလက်မှတ်နှင့် ကျပ် ၂၀၀၀၀ အား လွှဲပေးလိုက်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့သို့ ရောက်ရှိချိန်တွင် မ…အား ဆိုင်ကယ်ဖြင့် လူတစ်ဦးက လာကြိုသဖြင့် လိုက်သွားခဲ့ရာ ပခုက္ကူမြို့ရှောင်လမ်းဘေးရှိ ကိုမဲလေးဆိုသူ၏ နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေအိမ်သို့ ရောက်ရှိစဉ် မဲလေးဆိုသူ က မ…(၁၆နှစ်) အား ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရမည်ဟု ပြောဆိုကာ မလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

ထိုသို့ပြောဆိုသဖြင့် ရောက်သည့်နေ့မှ စတင်ကာ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း၊ မဲလေး ဆိုသူကလည်း မအိလေး (ခ) အိသန္တာမိုးကို လူရှာခိုင်းခဲ့သည့်အတွက် ကျပ် ၅၀၀၀၀ ပေးခဲ့ရသည်ဟု ပြောဆိုခဲ့ကြောင်း၊ အမျိုးသားတစ်ဦးနှင့် ဆက်ဆံပါက ကျပ် ၁၀၀၀ ပေးမည်ဟု ဆိုသော်လည်း အ၀တ်အစားဖိုးနှင့် စားစရိတ်တို့ကို နှုတ်ယူသည်ဟုဆိုကာ ငွေကြေးတစ်စုံတရာ ပေးခဲ့ခြင်းမရှိကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေရချိန်တွင် ထွက်ပြေးရန် ကြံစည်သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ထို့နောက် မဲလေး၏ အိမ်တွင် တစ်လနှင့် ရှစ်ရက်ကြာ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ခဲ့ရပြီး မဲလေးဆိုသူအား ဖခင်ဖြစ်သူ ကျမ်းမာရေး မကောင်းသဖြင့် ခဏပြန်လိုကြောင်းနှင့် ဖခင်ကျန်းမာရေး ကောင်းပါက ပြန်လာပြီး အလုပ်လုပ်ကိုင်မည်ဟု ပြောဆိုကာ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်သို့ သြဂုတ် ၁၉ ရက်တွင် ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

ယင်းဖြစ်စဉ်မှ မအိလေး (ခ) အိသန္တာမိုး ဆိုသူနှင့် မဲလေးဆိုသူတို့ နှစ်ဦးအား ရွှေပြည်သာမြို့မရဲစခန်းက (ပ)၁၀၈၈/၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

August 22, 2018














Copy Protected by Chetan's WP-Copyprotect.