<

၁၇ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ခဲ့သည်ဟုဆိုသည့် အမျိုးသားနှစ်ဦးအား သုဝဏ္ဏရဲစခန်းတွင် အမှုဖွင့်

သင်္ဃန်းကျွန်းမြို့နယ်တွင် ၁၇ နှစ်အရွယ်မိန်းကလေးကို သားမယားပြုကျင့်ခဲ့သည်ဟုဆိုသည့် အမျိုးသားနှစ်ဦးအား သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သြဂုတ် ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင် နေထိုင်သည့် မ….(၁၇)နှစ် သည် သြဂုတ် ၂၀ ရက် ည ၉ နာရီက သုဝဏ္ဏရှိ ကျူရှင်တစ်ခုသို့ ကျူရှင်တက်ရန် သွားရောက်ခဲ့ရာ အချိန်နောက်ကျနေသဖြင့် တက်ရောက်ခြင်းမပြုတော့ဘဲ သုဝဏ္ဏ (၂၉) ရပ်ကွက်ရှိ ကန်ပေါင်ပေါ်တွင် စက်ဘီးပတ်၍ စီးနင်းနေခဲ့ကြောင်း၊ ထိုသို့ စက်ဘီး စီးနေစဉ် အဆိုပါကန်ပေါင်ပေါ်၌ ထိုင်နေ သည့် လူငယ်ငါးဦးခန့်အား တွေ့ရှိခဲ့သဖြင့် ယင်းလူငယ်များထံမှ ရေတောင်းသောက်ခဲ့ကြောင်း၊ ထို့နောက်ယင်းလူငယ်များ ပေးသည့်ရေကိုသောက်ခဲ့ကြောင်း ၊ ထိုသို့သောက်ပြီးနောက် မ….(၁၇) နှစ်မှာခေါင်းမူးသွားခဲ့ပြီး အဆိုပါလူများထဲမှ နှစ်ဦးက မ….(၁၇)နှစ်၏စက်ဘီးကို သော့ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းသို့ သော့ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် သော့ကို လိုက်လံတောင်းယူခဲ့ရာ အဆိုပါလူနှစ်ဦးက ကန် ပေါင်အောက်သို့ ထွက်ပြေးသွားသဖြင့် ဆက်၍ပြေးလိုက်စဉ် မ….(၁၇)နှစ်မှာ မူးလဲသွားခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

ထိုသို့လဲကျသွားစဉ် အဆိုပါလူနှစ်ဦး က မ…..(၁၇)နှစ်အား အသင့်ရပ်ထားသည့် ဆိုက်ကားတစ်စီးပေါ်သို့ တင်ဆောင်၍ သာကေတမြို့နယ်ရှိ လူမရှိသည့် နေအိမ် တစ်အိမ်သို့ ခေါ်ဆောင်သွားပြီး သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် မ…..(၁၇) နှစ်မှာ အဆိုပါနေအိမ်၌ နံနက်လင်းသည်အထိ ထိုင်နေခဲ့ပြီး သြဂုတ် ၂၁ ရက် နံနက်  ၆ နာရီတွင် ယင်းလူနှစ်ဦးက ပြန်လွှတ်သဖြင့် ၎င်း၏နေအိမ်သို့ပြန်လာခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

“ကျူးလွန်တယ်လို့ဆိုတဲ့ လူနှစ်ဦးထဲ က အသက် ၂၁ အရွယ် ကောင်လေးကိုတော့ ဖမ်းမိပါပြီ။ တစ်ယောက်ကိုတော့ မမိသေးပါဘူး။ ခုကောင်မလေးကိုလည်း ဆေးစစ်မှုတွေ ပြုလုပ်ထားပါတယ်” ဟု ရန်ကုန်တိုင်းရဲတပ် ဖွဲ့မှရဲအရာရှိတစ်ဦးက သြဂုတ် ၂၂ ရက်တွင် ပြောကြားသည်။ အဆိုပါဖြစ်စဉ်ကို မ…. (၁၇)နှစ်က သက်ဆိုင်ရာရဲစခန်းဖြစ်သည့် သုဝဏ္ဏနယ်မြေရဲစခန်းသို့ သွားရောက်

တိုင်တန်းအမှုဖွင့်ခဲ့ပြီး ရဲစခန်းက(ပ)၄၈၀/ ၂၀၁၈၊  ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့် အမှုဖွင့်ထားသည်။

August 22, 2018














Copy Protected by Chetan's WP-Copyprotect.