<

မြောင်းမြမြို့တွင် တစ်နေ့တည်း၌ ဖောက်ထွင်းမှု နှစ်ခုဖြစ်ပွားကာ ကျပ်သိန်း ၁၀၀ ကျော်ဖိုးခန့် အခိုးခံရ

မြောင်းမြမြို့တွင် သြဂုတ် ၂၀ ရက် တစ်နေ့တည်း ဖောက်ထွင်းမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်းတစ်ရာဖိုးခန့်ရှိ ငွေသားနှင့် ပစ္စည်းများ အခိုးခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဆင်ကူး ကျေးရွာနေဒေါ်မြင့် အသက် (၇၁ နှစ်)မှာ သြဂုတ် ၂၀ ရက် ညနေ ၃ နာရီခန့်တွင် ဆင်ကူးကျေးရွာရှိ ၎င်း၏နေအိမ်အား တံခါးများပိတ်၍ ၎င်းပိုင်ကွမ်းခြံသို့ သွားရောက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ခန့်တွင် ၎င်း၏နေအိမ်သို့ ပြန်လည် ရောက်ရှိချိန်တွင် နေအိမ်ရှိ ကြမ်းပြင်များ ပုံစံပျက်ယွင်းနေသည်ကို တွေ့ရှိရသောကြောင့် နေအိမ်အား စစ်ဆေးရာတွင် အိပ်ခန်းအတွင်း ထားရှိသော သစ်သားဗီရို အံဆွဲအတွင်း ထည့်ထားသော စိန်နားကပ်တစ်ရံ၊ ရွှေလက်စွပ်နှစ်ကွင်းနှင့် ငွေသားကျပ်ငါးသောင်းမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသောကြောင့် မြောင်းမြမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ အဆိုပါနေ့၌ပင် မြောင်းမြမြို့ အမှတ် (၂) ရပ်ကွက်၊ ၂ လမ်း၊ မြသာယာဈေး အပြင်တန်းရှိ ဒေါ်ခင်မာဆွေ အသက် (၄၆)နှစ် ပိုင်ဆိုင်သော ကြက်ဥဘဲဥ အရောင်းဆိုင်မှာ ည ၉ နာရီခန့်တွင် ဆိုင်တံခါးများပိတ်ကာ နေအိမ်သို့ ပြန်သွားခဲ့ကြောင်း၊ သြဂုတ် ၂၁ ရက် နံနက် ၇ နာရီခန့်၌ ဒေါ်ခင်မာဆွေနှင့်အတူ ဆိုင်လုပ်သားများမှာ ဆိုင်ဖွင့်ရန်အတွက် ဆိုင်ခန်းသို့ လာရောက်ချိန်တွင် ဆိုင်တံခါးအချို့ ပွင့်နေသည်ကို တွေ့ရှိရသောကြောင့် ဆိုင်ခန်းအတွင်း စစ်ဆေးရာတွင် ကောင်တာစားပွဲ အံဆွဲအတွင်း ထားရှိသော ငွေကျပ် ၇၅ သိန်းခန့်နှင့် ဖုန်းငွေဖြည့်ကတ် ကျပ်တစ်သိန်းဖိုးခန့်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသောကြောင့် မြောင်းမြမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ဆင်ကူးကျေးရွာမှာကတစ်ခု၊ မြသာယာဈေးထဲမှာကတစ်ခု ဖြစ်စဉ်နှစ်ခုပေါ့။ ကျွန်တော်တို့လည်း အခင်းဖြစ်စဉ်ကို လေ့လာပြီးတော့ အမှုနဲ့ပတ်သက်တဲ့ သူတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု မြောင်းမြမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးက သြဂုတ် ၂၁ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

 

August 21, 2018














Copy Protected by Chetan's WP-Copyprotect.