လှိုင်မြို့နယ် သုံးလောင်းပြိုင် လူသတ်မှုမှ တရားစွဲခံထားရသူများ ဖြစ်သော ဇွဲလင်းထက်ကို သေဒဏ် ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ခဲ့ပြီး ၎င်း၏ဇနီးနှင့် မိခင်အား ပုဒ်မသုံးခုစီဖြင့် စွဲချက်တင်

လှိုင်မြို့နယ် သုံးလောင်းပြိုင် လူသတ်မှုမှ တရားစွဲခံထားရသူများ ဖြစ်သော ဇွဲလင်းထက်ကို သေဒဏ် ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ခဲ့ပြီး ၎င်း၏ဇနီးနှင့် မိခင်အား ပုဒ်မသုံးခုစီဖြင့် စွဲချက်တင်
Published 22 August 2018

ဇွဲလင်းထက်ကို ဖမ်းဆီးစဉ်က Yangon Police မှ ထုတ်ပြန်ထားသောပုံအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)

လှိုင်မြို့နယ် သုံးလောင်းပြိုင်လူသတ်မှုမှ တရားစွဲခံထားရသူများအနက် ဇွဲလင်းထက်ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ခဲ့ပြီး ၎င်း၏ဇနီးနှင့် မိခင်တို့ကို ပုဒ်မသုံးခုစီဖြင့် စွဲချက်တင်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ သြဂုတ် ၂၁ ရက်တွင် သိရသည်။

စွဲချက်တင်ရာ၌ ဇွဲလင်းထက်ကို ရာဇသတ်ကြီး ဥပဒေပုဒ် ၃၀၂(၁)(ဂ) ဖြင့်လည်း ကောင်း၊ ဇွဲလင်းထက်၏ ဇနီး ခင်ခင်ဖြိုးနှင့် မိခင်ဒေါ်ရီတင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၀၁/၂၀၂/၄၁၁ တို့ဖြင့်လည်းကောင်း စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“စွဲချက်တင်တဲ့ပုဒ်မနဲ့ ပတ်သက်လို့ ပြစ်မှုပြစ်ဒဏ်တွေကတော့ ဇွဲလင်းထက်အပေါ်မှာ စွဲချက်တင်ထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ) အရ ပြစ်မှုကျူးလွန်ရင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်။ ခင်ခင်ဖြိုးနဲ့ ဒေါ်ရီတင်တို့ အပေါ်စွဲချက်တင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ ပြစ်မှုကျူးလွန်ရင် ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ နောက် ပုဒ်မ ၂၀၂ အရ ပြစ်မှုကျူးလွန်ရင် ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ နောက်ပုဒ်မ ၄၁၁ အရ ပြစ်မှုကျူး လွန်ရင် သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်” ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံရသူများက စစ်ဆေးပြီးစီးခဲ့သော သက်သေများကို ပြန်လည်ခေါ်ဆောင် စစ်ဆေးလိုခြင်း မရှိသဖြင့် လာမည့်ရုံးချိန်းတွင် ဇွဲလင်းထက်ကို စစ်ဆေးမည်ဖြစ်ပြီး ရုံးချိန်းကို စက်တင်ဘာ ၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

“၂၀၁ ပုဒ်မကတော့ သေဒဏ်ချထိုက်ခြင်းခံရတဲ့ ပြစ်မှုကျူးလွန်သူကို ကာကွယ်မှု၊ သက်သေခံပစ္စည်းကို ဖျောက်ဖျက်မှု၊ နောက် ၂၀၂ ကျတော့ သူက ဒီလူသတ်မှု ကျူးလွန်တာကို သိလျက်နဲ့ သတင်းပေးဖို့ ပျက်ကွက်တဲ့အတွက်။ နောက် ၄၁၁ ကတော့ လုယက်လာတဲ့ ပစ္စည်းတွေကို ဒီလုယက်ရယူလာတဲ့ ပစ္စည်းတွေမှန်း သိလျက်နဲ့ သူက မရိုးမဖြောင့်တဲ့ သဘောနဲ့ လက်ခံထားရှိတယ်။ ရောင်းချတယ်။ အဲဒါ ၄၁၁” ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

အမှုနှင့်ပတ်သက်၍ ရုံးချိန်းပေါင်း ၂၇ ကြိမ်ချိန်းဆိုခဲ့ပြီး ယခုကဲ့သို့ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မှုခင်းဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် လှိုင်မြို့နယ်ရှိ အိမ်ရာတစ်ခု၏ တိုက်ခန်းတစ်ခန်း အပြင်ဘက်မှ အခန်းတံခါးများမှာ သော့ပိတ်ထားပြီး လှေကားထိပ်တွင် အပုပ်နံ့များ ထွက်နေကာ အဝါရောင်အရည်များ ကျဆင်းနေကြောင်း အဆိုပါတိုက်တွင် နေထိုင်သူများက သက်ဆိုင်ရာသို့ ဆက်သွယ်ခဲ့ရာမှတစ်ဆင့် ပေါ်ပေါက်ခဲ့သည့် အမှုဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုမှ မအေးမာဦး (၂၅ နှစ်)နှင့် မကေသီလှိုင် (၄၀ နှစ်) နှင့် ၎င်း၏သမီးဖြစ်သူ မသာယာထွန်း (၉ နှစ်) တို့သုံးဦးကို လစာတိုးတောင်းရာမှတစ်ဆင့် စကားများကာ ဇွဲလင်းထက်က ၎င်းသတ်ခဲ့သည်ဟု ဝန်ခံခဲ့ပြီး ဇွဲလင်းထက်၏ ဇနီးဖြစ်သူ ခင်ခင်ဖြိုး (၂၁ နှစ်) မှာ လူသတ်မှုမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် အတူတူပါဝင်ခဲ့မှု၊ လက်ဝတ်လက်စားပစ္စည်းများ ရောင်းချရာတွင် ဇွဲလင်းထက်၏ မိခင်ဖြစ်သူ ဒေါ်ရီတင် (၅၃ နှစ်) က ပါဝင်ခဲ့မှုတို့ဖြင့် ၎င်းတို့သုံးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထို့နောက် ဇွဲလင်းထက်၊ ခင်ခင်ဖြိုး၊ ဒေါ်ရီတင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄/၂၀၁/၄၁၄ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

“ဇွဲလင်းထက်က လှိုင်မြို့နယ်တရားရုံး တရားသူကြီးဆီမှာ သူသတ်ပါတယ်လို့ ဖြောင့်ချက်ပေးထားတယ်။ အဲဒီလို လူတစ်ယောက်က အခုစွဲချက်တင်ပြီးတဲ့ အချိန်မှာ အပြစ်ရှိလား၊ မရှိဘူးလား မေးတော့ မရှိပါဘူးတဲ့။ ဘာဖြစ်လို့ မရှိသလဲ ပြောပါဆိုတော့ ကျွန်တော် မသတ်ပါဘူးလို့ ပြောတယ်။ အဲဒါက တော်တော်ကြီးကို ဘဝင်မကျစရာပေါ့နော်။ လူသတ်ပြီးတော့ သူက ကိုယ့်သမီးကို သွားခေါ်ဖို့ခိုင်းထားတာ။ ခိုင်းတယ်ဆိုတဲ့ အကြောင်းကိုလည်း ဖြောင့်ချက်ထဲမှာ ပါတယ်။ ဒါက လူသတ်ပြီးတော့ နောက်ထပ်ကျူးလွန်တဲ့ပြစ်မှုပဲ။ ဒီလူခိုးမှုဟာ ပြစ်မှုကျူးလွန်တဲ့ လူခိုးမှုပဲ။ လူသတ်ဖို့အကြံနဲ့ ခိုးတာ။ ကျွန်တော့်သမီးကို အသက်မသေလို့ ပြန်တွေ့တာ။ သတ်သွားလည်း ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး” ဟု အသတ်ခံရသူများဖြစ်သည့် မကေသီလှိုင်၏ခင်ပွန်း ကိုလှမျိုးထွန်းက ပြောကြားသည်။

 

Most Read

Most Recent