တောင်ကြီးမြို့တွင် GE တပ်မှ ဒုအရာခံဗိုလ်နှင့် တပ်ကြပ်ကြီး အပါအဝင် လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွား

တောင်ကြီးမြို့တွင် GE တပ်မှ ဒုအရာခံဗိုလ်နှင့် တပ်ကြပ်ကြီး အပါအဝင် လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွား
Published 21 August 2018

တောင်ကြီးမြို့တွင် GE တပ်မှ ဒုအရာခံဗိုလ်နှင့် တပ်ကြပ်ကြီး အပါအဝင် လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသတ်ခံရသူများတွင် ဒုအရာခံဗိုလ်နှင့် တပ်ကြပ်ကြီး အပါအဝင် အမျိုးသမီး တစ်ဦးနှင့် မိန်းကလေးငယ် တစ်ဦးတို့လည်း ပါဝင်ကြောင်း သိရပြီး သြဂုတ် ၂၀ ရက်က အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသည့် နေရာမှာ တောင်ကြီးမြို့ ရွှေဘုန်းပွင့်အတက်လမ်း တောင်ကြီး ဆေးတက္ကသိုလ် အနောက်ဘက်ရှိ လှိုဏ်ဂူအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တောင်ကြီးမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လူသတ်မှုတွင် အသုံးပြုသည့် လက်နက်များနှင့် ပတ်သက်ပြီး သေနတ်ဖြင့် လည်းကောင်း ဓားဖြင့် ခုတ်သတ်သည်ဟုလည်းကောင်း ပြောဆိုနေကြပြီး အမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ကိုင်တွယ်သွားမည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။

“GE တပ်ကလို့ ပြောတယ်။ နေရာကို အတိအကျ မသိဘူး။ ရွှေဘုန်းပွင့်အတက်လမ်း ဆေးတက္ကသိုလ်နောက် လှိုဏ်ဂူနားလို့လည်း ပြောတယ်။ နာမည်တွေတော့ ရထားပြီ။ အတိအကျ မထုတ်ပြန်သေးတော့ မပြောရဲသေးဘူးဖြစ်နေတယ်။ခု ရဲစခန်းကို သွားနေတယ်” ဟု တောင်ကြီးမြို့ တရားဥပဒေ စိုးမိုးရေး ကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို တပ်မတော်ဘက်နှင့် တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပေးခြင်း မရှိသေးဘဲ မွန်းလွဲ ၂ နာရီကျော်သည်အထိ တောင်ကြီးမြို့မရဲစခန်းတွင် သတင်းထောက်များ ထိုင်စောင့်နေရသေးကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိထားခြင်းမရှိသေးကြောင်း၊ ကြေးနန်းလည်း မရောက်လာ သေးကြောင်း၊ အသေးစိတ်မသိရှိသည့်အတွက် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုဖြစ်ပေါ်နိုင်သဖြင့် ပြောဆို နိုင်ခြင်း မရှိကြောင်း၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အမှုနှင့် ပတ်သက်ပြီး ညနေ ၅ နာရီခန့်အထိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ တပ်မတော် စသည်တို့မှ အသေးစိတ် တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ယင်းအမှုနှင့် ပတ်သက်၍ Eleven Media Group မှ ဆက်လက်စုံစမ်းလျက်ရှိကာ ရရှိသောသတင်းအချက်အလက်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Most Read

Most Recent