အောင်လံမြို့နယ်တွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ မိသားစုများ ပါလာပြီး ဓားထိုးမှုဖြစ်ပွားရာ လူခုနစ်ဦး ဆေးရုံရောက်

အောင်လံမြို့နယ်တွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ မိသားစုများ ပါလာပြီး ဓားထိုးမှုဖြစ်ပွားရာ လူခုနစ်ဦး ဆေးရုံရောက်
Published 20 August 2018

မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် မိုးကောင်းကျေးရွာတွင် အမျိုးသားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ မိသားစုများ ပါလာပြီး ဓားထိုးမှု ဖြစ်ပွားရာ လူခုနစ်ဦး ဆေးရုံ ရောက်ကာ နှစ်ဖက် အပြန်အလှန်အမှုဖွင့်မှု သြဂုတ် ၁၈ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းကျေးရွာနေ ကျော်မင်းထွန်းနှင့် ကျော်သီဟတို့မှာ မိုးကောင်း ကျေးရွာတံတားအနီးတွင် ရန်ဖြစ်နေစဉ် ကျော်သီဟ၏ အဖေဖြစ်သူနှင့် ဦးလေးတော်စပ်သူတို့က ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ကျော်သီဟ၏ အစ်မ၊ အမေ၊ ညီမ၊ ညီမ၏ခင်ပွန်းဖြစ်သူတို့ လိုက်လာ၍ရန်ဖြစ်နေသူများကို လူစုခွဲကာ ကျော်သီဟကို သုံးဘီးဆိုင်ကယ်နှင့် အိမ်ပြန်ပို့ပေးခဲ့ကြောင်း၊ ထို့နောက် ကျော်သီဟ၏အစ်မဖြစ်သူ၊ အမေဖြစ်သူ အပါအဝင် ဆွေမျိုးများ သုံးဘီးဆိုင်ကယ်တစ်စီးဖြင့် အိမ်ပြန်ခဲ့ကြောင်း၊ အိမ်ရှေ့ အရောက်တွင် ကျော်သီဟနှင့် ရန်ဖြစ်ခဲ့သူ ကျော်မင်းထွန်းမှာ သုံးဘီးဆိုင်ကယ်ပေါ်ရှိ  လူများကို ဓားဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရဲ စစ်ဆေးချက်အရ သိရသည်။

“ရန်ဖြစ်တာကနေ  တစ်ဖက်ကမိသားစု လိုက်ဝိုင်းလုပ်တယ်ဆိုပြီး ကျော်မင်းထွန်း ဆိုတဲ့လူက မကျေနပ်တာနဲ့ တစ်ဖက်မိသားစု စီးလာတဲ့ သုံးဘီးဆိုင်ကယ်ပေါ်တက်ပြီး ဓားနဲ့ထိုးတာပေါ့။ ဒီသုံးဘီးပေါ်မှာလည်း ရန်ဖြစ်တဲ့ မိသားစုကမဟုတ်တဲ့ အမျိုးသမီးတစ်ယောက်လည်း အထိုးခံလိုက်ရတယ်။ ဓားထိုးခံရတာ ကြောင့် အမျိုးသမီးတစ်ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အမျိုးသားတစ်ဦးကတော့ မျက်လုံးတစ်ဖက်ကစိုးရိမ်ရတဲ့ အခြေ အနေရှိပါတယ်။ ကျော်မင်းထွန်းမှာလဲ ရန်ဖြစ်တုန်းကခေါင်းကို အရိုက်ခံရတဲ့ဒဏ်ရာက စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ဒဏ်ရာရတဲ့ လူတွေက ဆေးကုသမှုခံယူနေရပါတယ်။ ဒီရန်ဖြစ်တာနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်စလုံး က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းမှုတွေလုပ်ထားပါတယ်။ အမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟုအောင်လံမြို့နယ် ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဓားဖြင့် သုံးဘီးဆိုင်ကယ်ပေါ်ဝင်ရောက်တိုက်ခိုက်သူ ကျော်မင်းထွန်း၏မိခင်က တရားလိုပြုလုပ်ပြီး ကျော်သီဟ၊ ဦးမြင့်ဆွေ၊ ဦးဝင်းမြင့်တို့အား ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၄/ ၂၉၅/၅၀၆/၁၁၄တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ ကျော်သီဟ၏အစ်မဖြစ်သူကလည်း ဓားဖြင့် သုံးဘီးပေါ်တက်ပြီး ဝင်ရောက် တိုက်ခိုက်သူ ကျော်မင်းထွန်းအား ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄/၃၂၃ တို့ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent