မြောက်ဥက္ကလာပမြို့နယ်ရှိ KTV တစ်ခုရှေ့တွင် လူသုံးဦး ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

မြောက်ဥက္ကလာပမြို့နယ်ရှိ KTV တစ်ခုရှေ့တွင် လူသုံးဦး ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
Published 20 August 2018

မြောက်ဥက္ကလာပမြို့နယ်ရှိ KTV တစ်ခုရှေ့တွင် အမျိုးသားတစ်ဦးအား အခြားလူသုံးဦးက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး အရိုက်ခံရသည့် အမျိုးသား သေဆုံးခဲ့ကြောင်း သြဂုတ် ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်.....(၄၂ နှစ်) သည်  သြဂုတ် ၁၈ ရက် နံနက် ၆ နာရီခန့်က နေအိမ်တွင်ရှိနေစဉ် ၎င်း၏တူဖြစ်သူ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သည့်အလုပ် လုပ်ကိုင်သည့် ကို... (၂၁ နှစ်) ဆိုသူမှာ အရိုက်ခံရပြီး ဆေးရုံသို့ ရောက်ရှိနေကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှု မေးမြန်းရာ ဆေးရုံသို့ရောက်ရှိချိန်တွင် တူဖြစ်သူမှာ ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို  တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုသို့ ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်ရှိ လူများအား ဖြစ်စဉ်ကိုမေးမြန်းရာ ကို....(၂၁ နှစ်) မှာ ယင်းနေ့နံနက် ၅ နာရီခန့်တွင် ၎င်း၏သူငယ်ချင်း ငါးဦးနှင့်အတူ မြောက်ဥက္ကလာပ မြို့နယ်ရှိ  KTV တစ်ခု၌ သီချင်းဆိုပြီး ပြန်ခဲ့ကြောင်း၊ ထိုသို့အပြန်တွင် အဆိုပါ KTV ရှေ့ အရောက် အခြားအမျိုးသား သုံးဦးနှင့် စကားများ ရန်ဖြစ်ရာမှ အရိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့အရိုက်ခံရသဖြင့် ကို....(၂၁ နှစ်) မှာ လက်ဖျံစုတ်ပြဲဒဏ်ရာ၊ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ဒူးပွန်းဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“ကျူးလွန်သူတွေကို ဖမ်းမိပါပြီ။ အသေးစိတ်ကိုတော့ စစ်ဆေးဆဲပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ)၁၀၈၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်နေ ဝေယံဟိန်း၊ ရဲဝင်းအောင်နှင့် ကျော်သူဟိန်း ဆိုသူတို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent