တိုက်ကြီးမြို့နယ်တွင် လူနှစ်ဦးက အမျိုးသားတစ်ဦးအား ကြိုးဖြင့်ချည်နှောင်ပြီး ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်မှု ဖြစ်ပွား

တိုက်ကြီးမြို့နယ်တွင် လူနှစ်ဦးက အမျိုးသားတစ်ဦးအား ကြိုးဖြင့်ချည်နှောင်ပြီး ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်မှု ဖြစ်ပွား
Published 19 August 2018

တိုက်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦးအား လူနှစ်ဦးက ကြိုးဖြင့်ချည်နှောင်ပြီး ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၁၈ ရက်တွင် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

သြဂုတ် ၁၇ ရက် နံနက် ၈ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်နေ ဦး .... (၅၈ နှစ်) သည် နေအိမ်၌ ရှိနေစဉ် တိုက်ကြီးမြို့နယ် ပန်းပင်တန်းကျေးရွာအုပ်စုရှိ ရာဘာစိုက်ပျိုးခြံ နေ့စားအလုပ်သမားအဖြစ် အလုပ်လုပ်နေသည့် သားဖြစ်သူ ကိုခင်စိုး (၂၆ နှစ်) မှာ ဓားထိုးခံရသဖြင့် သေဆုံးကြောင်း သတင်းရသဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဦး.... မှာ သားဖြစ်သူ အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းရာ သားဖြစ်သူ ကိုခင်စိုးမှာ အဆိုပါတဲ၌ သြဂုတ် ၁၆ ရက်ညပိုင်းတွင် အလုပ်အတူ လုပ်ကိုင်သူများဖြစ်သည့် ရန်ပိုင်စိုးနှင့် စိုးသူ (၂၅ နှစ်) တို့နှင့်အတူ အရက်အတူ သောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အရက်အတူသောက်ရာမှ ကိုခင်စိုးအား ရန်ပိုင်စိုးနှင့် စိုးသူတို့က ခြေထောက်နှစ်ချောင်းကို နိုင်လွန်ကြိုးဖြင့် တုပ်နှောင်ပြီး လက်နှစ်ဖက်အား အင်္ကျီစဖြင့် နောက်ပြန်ချည်နှောင်ကာ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

ကိုခင်စိုးမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ သုံးချက်၊ ဆီးခုံထိုးသွင်းဒဏ်ရာ တစ်ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ သုံးချက်၊ ဝဲမျက်ခုံး ပြတ်ရှဒဏ်ရာ တစ်ချက်၊ အောက်နှုတ်ခမ်းနှင့် မေးစေ့တွင် ပြတ်ရှဒဏ်ရာ သုံးချက်၊ ဝဲပါးပြတ်ရှဒဏ်ရာသုံးချက် ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

“အရက်အတူ ထိုင်သောက်ရာကနေ စကားများပြီး တစ်ယောက်ကို နှစ်ယောက်က သတ်တာပါ။ သေဆုံးတဲ့ အလောင်းကို တွေ့ရှိချိန်မှာတော့ ခြေထောက်ကို ကြိုးနဲ့ချည်ထားပြီး အင်္ကျီစနဲ့ လက်ကိုလည်း ချည်ထားတယ်။ လည်ပင်းမှာလည်း ဓားစိုက်ဝင်နေတာပါ။ ကျုးလွန်သူ နှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးထားပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ကျုးလွန်သူနှစ်ဦးအနက် စိုးသူကို ဖမ်းဆီးထားပြီး ရန်ပိုင်စိုးအား ဖမ်းဆီးရမိရန် ဆောင်ရွက်နေပြီး ၎င်းတို့နှစ်ဦးအား ဥက္ကံနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent