လားရှိုးတွင် ကျပ်သိန်းပေါင်း ၁၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၈၅၀၀၀ ဖမ်းဆီးရမိ

လားရှိုးတွင် ကျပ်သိန်းပေါင်း ၁၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၈၅၀၀၀ ဖမ်းဆီးရမိ
Published 17 August 2018

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် သြဂုတ် ၁၅ ရက် ညနေပိုင်းက အဝေးပြေးကားဂိတ်တွင် သိန်းပေါင်းတစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၅ ရက် ညနေ ၄ နာရီခွဲခန့်က လားရှိုးမြို့ နားမခေါ် အဝေးပြေးကားကြီးကွင်းရှိ ရာဇာထွန်းကားဂိတ်တွင် ရန်ကုန်သို့ ထွက်ခွာမည့်ယာဉ်နှင့်အတူ မူးယစ်ဆေးဝါးများ သယ်ယူမည့် သတင်းအရ မသင်္ကာသူခရီးသည် လူငယ်သုံးဦးကို ၎င်းတို့သယ်ဆောင်လာပြီး ကားဂိတ်တွင်အပ်နှံထားသည့်အိတ်များအား လားရှိုးမြို့မရဲစခန်းမှူးနှင့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ခရီးဆောင်အိတ်တစ်အိတ်လျှင် ဆာလာအိတ်ဖြင့် ထုပ်ပိုးလျက် အတွင်း၌ မိုင်းကိုင်စက္ကူအညိုဖြင့် အထုပ်ကြီး ၂၀ ထုပ် ခရီးဆောင်အိတ်တစ်အိတ်လျှင် ဆေးပြား ၁၉၅၀၀၀ ပြား၊ ခရီးဆောင်သုံးအိတ်မှ စုစုပေါင်းဆေးပြား ၅၈၅၀၀၀ ပြား စုစုပေါင်းတန်ဖိုးတစ်ပြားလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ကျပ်သိန်းပေါင်း ၁၁၇၀၀ ဖိုး ဖမ်းဆီးရမိခဲ့သည်။

“ကျွန်တော်တို့ မနေ့ညနေက တာဝန်သိပြည်သူတစ်ဦးရဲ့ ဖုန်းနဲ့သတင်းပေးပို့ချက်အရ နားမခေါ် အဝေးပြေးကားကြီးကွင်းက ရာဇာထွန်းကားဂိတ်မှာ မသင်္ကာသူခရီးသည်သုံးဦး သယ်ဆောင်လာတဲ့အိတ်ကို သွားရောက် စစ်ဆေးခဲ့ရာမှာ သိန်းပေါင်း ၁၁၀၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာပါ” ဟု လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်နိုင်က ပြောကြားသည်။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံသုံးဦးဖြစ်သော ဂျီမေ (၂၀ နှစ်)၊ မိုင်းရှူးမြို့နယ်၊ ကျားဖေ (၁၆ နှစ်)၊ မိုင်းရှူးမြို့နယ်၊ ကျအီ (၂၆ နှစ်) မိုင်းရှူးမြို့နယ်နေသူတို့အား လားရှိုးမြို့မရဲစခန်းတွင် မယ(ပ) ၁၆၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူထားသည်။

Most Read

Most Recent