မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မိန်းမစီး ကတ္တီပါဖိနပ်ခွာများအတွင်း ထည့်ယူလာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ကျော် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းမိ

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မိန်းမစီး ကတ္တီပါဖိနပ်ခွာများအတွင်း ထည့်ယူလာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ကျော် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းမိ
Published 16 August 2018

ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိသည့် မိန်းမစီး ကတ္တီပါဖိနပ်များအတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ ကျူးလွန်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ရဲဇာနည်)

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မိန်းမစီး ကတ္တီပါဖိနပ်ခွာအတွင်း ထည့်ယူလာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ကျော် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းမိခဲ့ကြောင်း သြဂုတ် ၁၅ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အမှုဖြစ်စဉ်မှာ သြဂုတ် ၁၄ ရက် ည ၁၀ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု (၄၅) ရန်ကုန်လေဆိပ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင် Terminal -1 Inline Reject X-Ray စက်တွင် မလေးရှားလေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်မှ မလေးရှားနိုင်ငံသို့ လိုက်ပါမည့် ခရီးသည် အောင်မျိုးမင်း (ခ) ငမင်း၏ ပါဆယ်ထုပ်ကို X-Ray စက် ဖြတ်သန်းစဉ် မသင်္ကာ၍ အောင်မျိုးမင်း (ခ) ငမင်း၊ ပါဆယ်ထုတ် ထည့်ပေးသူ မမြမြဝင်းတို့အား ခေါ်ဆောင်၍ ဖွင့်ဖောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ အိတ်အတွင်း မိန်းမစီး ကတ္တီပါဖိနပ် အရန် ၄၀ နှင့် ပါတိတ်အထည် ၂၀ တွေ့ရှိရပြီး ဖိနပ် ၁၁ ရန်၏ အံဝှက်ပြုလုပ်ထားသည့် ဖိနပ်ခွာများအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀၀ သိမ်းဆည်းရမိခဲ့ပြီး မမြမြဝင်းမှာ စိတ်ကြွရူးသွပ်ဆေးပြားများကို ခင်မာလာ (ခ) မော်လီမှ တစ်ဆင့် ဆက်သွယ်၍ ခရီးသည် အောင်မျိုးမင်း (ခ) ငမင်းနှင့် အတူ မလေးရှားနိုင်ငံသို့ ထည့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှ မမြမြဝင်း (၅၂ နှစ်)၊ ခင်မာလာ(ခ) မော်လီ (၄၁နှစ်) နှင့် အောင်မျိုးမင်း(၃၀ နှစ်) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ က အရေးယူထားကြောင်း သိရသည်။