မိတ္ထီလာ-တောင်ကြီး ကားလမ်းတွင် ခရီးသည်တစ်ဦးထံမှ စိတ်ကြွဆေးပြား ၈၀၀၀ ဖမ်းဆီးရမိ

မိတ္ထီလာ-တောင်ကြီး ကားလမ်းတွင် ခရီးသည်တစ်ဦးထံမှ စိတ်ကြွဆေးပြား ၈၀၀၀ ဖမ်းဆီးရမိ
Published 16 August 2018

မိတ္ထီလာ-တောင်ကြီး ကားလမ်းမတွင် တားဆီးစစ်ဆေးနေစဉ် ခရီးသည်ယာဉ်ပေါ် လိုက်ပါလာသော ခရီးသည်အမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၂၄၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၄ ရက် ည ၁၁ နာရီခန့်က အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စု၊ မန္တလေးတောင်ပိုင်းမှ ရဲအုပ်ခွန်အောင်ကိုကိုနှင့် သာစည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ထွန်းနိုင်ရွှေတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူမိတ္ထီလာ-တောင်ကြီး ကားလမ်းမ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ သော်တာဝင်းတိုးဂိတ်အနီးတွင် ယာဉ်များအား တားဆီးစစ်ဆေးနေစဉ် တောင်ကြီးဘက်မှ ယာဉ်မောင်းတင်မိုးလွင် မောင်းနှင်လာသော ခရီးသည်တင်ယာဉ် အမှတ် MGY 4M/---- နံပါတ်ပါ ခဲရောင်ခရီးသည်တင် ယာဉ်ခုံအမှတ် (A) တွင် စီးနင်းလိုက်ပါလာသော ခရီးသည် ပဲခူးတိုင်း သဲကုန်းမြို့နယ် နောကုန်းကျေးရွာနေ သန်းမင်းထွဋ်(ခ)သန်းမင်း အသက်(၄၀)နှစ်၏ လှိုင်းထက်စံတံဆိပ်ပါ ဆာလာအိတ်အား ရှာဖွေရာ သံပိုင်းပြတ်အတွင်းရှိ အကြည်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ဆီတို့ဟူးအတွင်း သိုဝှက်ထားသော WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွတ်ဆေးပြား ၈၀၀၀၊ တန်ဖိုးကျပ် သိန်း၂၄၀ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။

“မိတယ်ဆိုတာ မှန်ပါတယ်။ ကျန်တာ ပြောလို့မရပါဘူး။ တစ်ယောက်ဖမ်းထားပါတယ်” ဟု သာစည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုအား သာစည်မြို့မ ရဲစခန်းမှ မယ(ပ)၁၂/၂၀၁၈ မူးစိတ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent