သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအုပ်စု ဘုရားလေးဆူကျေးရွာ၌ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအုပ်စု ဘုရားလေးဆူကျေးရွာ၌ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 16 August 2018

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအုပ်စု ဘုရားလေးဆူကျေးရွာ၌ သြဂုတ် ၁၄ ရက် ညနေ ၄ နာရီအချိန်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးမင်းထွန်း ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအုပ်စု ဘုရားလေးဆူကျေးရွာနေ ထွန်းသန်း(ခ)သားငယ်မှာ လက်နက်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးခွင့် ဝရမ်းအမှတ် (၂၁/၂၀၁၈)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ထွန်းသန်း(ခ)သားငယ်အား နေအိမ်တွင် အသင့်တွေ့ရှိရသဖြင့် ထွန်းသန်း(ခ)သားငယ်၏ ခန္ဓာကိုယ်နှင့် နေအိမ်ခြံဝင်းအတွင်း ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အိပ်ခန်းမှ ၉- မမ ပစ္စတိုသေနတ်တစ်လက်၊ ၉-မမ ကျည် ၁၇ တောင့်၊ မူးယစ်ဆေးဝါး ရောင်းချရရှိငွေ ကျပ် ၇၉၄၅၀၀ နှင့် ဆက်စပ်ပစ္စည်းများ၊ နေအိမ်အောက် ဆိုင်ကယ်ထားသည့်ရုံရှိ ကွမ်းသီးအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၉၃ ပြား၊ R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆ ပြား၊ R စာတန်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေး ၁၈ ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈၇ ပြားတို့အား တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“လက်နက် မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ထွန်းသန်းကို ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိနိုင်ရေးအတွက် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်” ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စိတ်ကြွရူးသွပ်ဆေးပြားများအား လက်ဝယ်ထားရှိ/သုံးစွဲ/ရောင်းချခဲ့သူ ထွန်းသန်း (ခ)သားငယ် အားသံဖြူဇရပ်မြို့မရဲစခန်းမယ(ပ)၁၉/၂၀၁၈၊ မူးယစ်/ စိတ်ပြောင်း ဥပဒေပုဒ်မ-၁၉(က)/၂၀(က)/ ၂၂ (ခ) ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent