မုဒိမ်းမှု အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသည့် အဆိုတော်အစ္စဏီ နှလုံးရောဂါဖြစ်နေပြီး ထောင်အတွင်း မလုံလောက်သည့် ဆေးဝါးများဖြင့် ကုသနေရ

မုဒိမ်းမှု အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသည့် အဆိုတော်အစ္စဏီ နှလုံးရောဂါဖြစ်နေပြီး ထောင်အတွင်း မလုံလောက်သည့် ဆေးဝါးများဖြင့် ကုသနေရ
Published 14 August 2018

မုဒိမ်းမှု အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသည့် အဆိုတော် အစ္စဏီမှာ ရောဂါဟောင်းဖြစ်သည့် နှလုံးရောဂါ ပြန်ဖြစ်နေပြီး အကျဉ်းထောင်အတွင်း မလုံလောက်သည့် ဆေးဝါးများဖြင့်သာ ကုသနေရကြောင်း သြဂုတ် ၁၃ ရက် ရုံးချိန်းတွင် စုံစမ်းသိရှိရသည်။

“သူက ရောဂါဟောင်းဖြစ်တဲ့ နှလုံးရောဂါက ပြန်ထလာတာ။ နှလုံးအဆို့ရှင်က တော်တော် ကျယ်နေတယ်။ အဲဒါကို ထောင်ထဲမှာပဲ မလုံလောက်တဲ့ ဆေးဝါးတွေနဲ့ ကုသနေရတယ်။ ရှေ့နေတွေ အနေနဲ့က ဘာမှလုပ်ပေးလို့ မရဘူး။ သူ့ကို တရားစွဲထားတဲ့ ပုဒ်မက ဆေးစာတွေ ဘာတွေနဲ့ အာမခံလျှောက်လည်း ပေးလို့မရတဲ့ ပုဒ်မဖြစ်လို့ ထောင်ထဲမှာပဲ ရှိတဲ့ဆေးဝါးနဲ့ ကုသဖို့ လုပ်ဆောင်နေရတယ်”ဟု အဆိုတော် အစ္စဏီဘက်မှ လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေဦး ကျော်ဇင်ဦးက ပြောကြားသည်။

ထို့ပြင် သြဂုတ် ၁၃ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ အဆိုတော်အစ္စဏီ၏ အမှုအား မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းအား လာမည့် သြဂုတ် ၂၇ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

“ဒီနေ့ ရုံးချိန်းက မစစ်ဖြစ်ဘူး။ Cele 7 က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို သက်သေခံ လက်ခံထားတဲ့ကိစ္စကို တရားလိုဘက်က ပြန်လည် ပယ်ဖျက်ပေးဖို့ ခရိုင်မှာ လျှောက်ခဲ့တယ်။ ဒါပေမဲ့ ခရိုင်က လက်မခံခဲ့လို့ တိုင်းကို ဆက်တက်သွားတဲ့အတွက် အမှုတွဲက တိုင်းကို ရောက်လို့ မစစ်ဖြစ်တာပါ”ဟု အဆိုတော် အစ္စဏီဘက်မှ လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဦးကျော်ဇင်ဦးက ပြောကြားသည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ် အမျိုးသမီးသည် သူငယ်ချင်းများနှင့်အတူ ဆယ်လီ အရက်ဘားသို့ ရောက်ရှိနေစဉ် ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီ (ခ) ဟန်ထွန်းဇော် က ဘားအတွင်းသို့ ဝင်ရောက်ကာ ပြဿနာရှာနေသောကြောင့် မော်ဒယ်အမျိုးသမီးမှာ ၎င်းနေထိုင်ရာ တိုက်ခန်းသို့ ကားငှားပြန်ခဲ့ကြောင်း၊ ယင်းနောက် နေအိမ်အရောက်တွင် မော်ဒယ် အမျိုးသမီးအား နှိပ်စက်မှုများပြုလုပ်ပြီး နာကျင်၍ သတိမေ့နေစဉ် သားမယား ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါး လော့ခ်ချပြီး သူငယ်ချင်းတစ်ဦးထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့သဖြင့် နံနက် ၅ နာရီတွင် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရပြီး အစ္စဏီအား တရားစွဲဆိုထားသူမှာ မော်ဒယ်စူးရှထက် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent