<

တောင်ငူမြို့တွင် ပစ္စတိုသေနတ်၊ လက်ပစ်ဗုံး ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူ မူးယစ်တရားခံပြေးအား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော လက်နက်နှင့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ၂၀၁၆ ခုနှစ်အတွင်းက တောင်ငူမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ အမှုဖွင့်ထားသော တရားခံပြေး တစ်ဦးအား ၂၀၁၈ ခုနှစ် သြဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက တောင်ငူမြို့နယ် ကန်ရိုးကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ကျော်၊ ပစ္စတိုသေနတ် တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဆန် (အကောင်း) များနှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၂၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသည့် အခြေအနေနှင့် ပတ်သက်၍ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှ ဒုစရိုက်နှိမ်နင်းရေး တာဝန်ခံ ရဲအုပ်တင်ဦးက “ဒီကောင် လွယ်ထားတဲ့အိတ်ထဲက မူးယစ်ဆေးဝါး ၅၄၈၁ ပြား သိမ်းဆည်းတယ်။ နောက်ပြီး ငွေက ၂၂ သိန်းကျော် ရပါတယ်။ ဒီကောင့်ဆီက ၃၈ ပစ္စတိုတစ်လက်၊ ၎င်းကျည် ၂၂ တောင့်၊ ပွိုင့်တူး တူးကျည် ခြောက်တောင့်နဲ့ သက်သေခံပစ္စည်း၊ မူးယစ်ဆေးဝါး ၅၀၀၀ ကျော်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ အတွက် ဖားသု (ခ)ဖားထူး(ခ)ဒီငြိမ်းကို ဆက်လက်ပြီး စစ်ဆေးတဲ့အခါမှာ သူဟာ တောင်ငူမြို့ပေါ်တွင် မကဘူး။ ပဲခူးမြို့မှာ ရံဖန်ရံခါ သွားပြီးတော့လည်း ဖြန့်ဖြူးရောင်းချတယ်လို့ သိရတယ်။ ဒီကောင့်ကို ဖမ်းဆီးရမိတဲ့ အတွက်လည်း ကျွန်တော်တို့ တောင်ငူမြို့ပေါ် အနေနဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချတဲ့ကောင် တစ်ယောက် လျော့နည်းသွားတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းက တောင်ငူမြို့ အမှတ် (၃) နယ်မြေရဲ စခန်းတွင် မယ(ပ)၃/၂၀၁၆၊ မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(ဂ)/၂၀ (က)/၂၂(ခ)/ ၂၁ ဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေး ဖားသု (ခ) ဖားထူး (ခ) ဒီငြိမ်း (ဘ) ဦးမြင့်စိုး၊ သာယာကုန်းလမ်း၊ ၂၃ ရပ်ကွက်၊ တောင်ငူမြို့နေသူသည် MARK-X အမျိုးအစား ခဲရောင်ကား တစ်စီးဖြင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေခဲ့ကြောင်း၊ တောင်ငူမြို့ရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေထိုင်ကာ ကားတစ်စီးဖြင့် လှုပ်ရှားသွားလာနေသည့်အပြင် ၎င်းထံတွင် သေနတ်နှင့် လက်ပစ်ဗုံးများ ရှိနေသည်ကို ကြိုတင်သတင်းရသောကြောင့် ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုမည်ကို စိုးရိမ်ရပြီး ခရိုင်ရဲတပ်ဖွဲ့မှူးထံ သတင်းပေးပို့ပြီးမှ စနစ်တကျ စောင့်ဆိုင်းဖမ်းဆီးခဲ့ရကြောင်း ရဲအုပ်တင်ဦးက ဆက်လက်ပြောကြားသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ရဲအုပ်တင်ဦးက “၁၀ ရက်နေ့ညက လမင်းအိမ် တည်းခိုခန်းမှာ လာပြီးတော့ တည်းတယ်လို့ အမာခံ သတင်းပေးက ပြောပါတယ်။ အဲဒီတော့ လမင်းအိမ် တည်းခိုခန်းမှာ တည်း၊ မတည်းကို အတည်ပြုခဲ့တယ်။ ဒီကောင့်မှာလည်း အန္တရာယ်ပြုနိုင်တဲ့ လက်နက်တွေပါတယ်။ လက်ပစ်ဗုံးတွေ ပါတယ်လို့လည်း သတင်းရရှိပါတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်တပ်ဖွဲ့မှူး ထိခိုက်မှုမဖြစ်အောင် ခရိုင်ရဲတပ်ဖွဲ့မှူးကို သတင်းတင်ပြတယ်။ ဒီလက်နက်တွေ ပါတဲ့အတွက် ဘယ်လိုဖမ်းမလဲဆိုတာ နည်းလမ်းတွေ ဆွေးနွေးရပါတယ်။ ဒီကောင်က တရားခံပြေးဖြစ်တယ်။ လက်ကလည်း ယဉ်တယ်။ ဒီကောင့်ကို ဖမ်းတာနဲ့ ဒီကောင်က လက်ပစ်ဗုံးနဲ့ ခွဲမယ်။ သေနတ်နဲ့ပစ်မယ်ဆိုတဲ့ သတင်းတွေလည်း ရတဲ့အတွက် ကိုယ့်တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မဖြစ်အောင် အစီအစဉ်တွေကို စီမံပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကို တင်ပြပါတယ်” ဟု ပြောကြားသည်။

ထိုသို့တင်ပြပြီးနောက် တောင်ငူခရိုင်ရဲ တပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ထိန်ဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် တောင်ငူခရိုင် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တရားခံပြေးဖားသု ရောက်ရှိနေသော တောင်ငူမြို့နယ် ကန်ရိုးကျေးရွာ၊ ရန်ကုန်-မန္တလေး၊ ကားလမ်းမဟောင်းနံဘေး၊ သွန်းရွှေစင် စတိုးဆိုင်ရှေ့တွင် ၀င်ရောက် စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် တရားခံပြေး ဖားသု(ခ)ဖားထူး(ခ)ဒီငြိမ်းထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၈၁ ပြား၊ ၃၈ ပစ္စတို (စတီးရောင် BABILON DOY CIA VITORIA အင်္ဂလိပ်စာတန်းပါ) တစ်လက်၊ ၉ မမ ပစ္စတို ကျည်ငါးတောင့်၊ 38 SUPER AUTO စာတန်းပါ ကျည်ဆန်ခုနစ်တောင့် (ကောင်း)၊ ပွိုင့် ၂၂ ကျည်ခြောက်တောင့် (ကောင်း)၊ နာနတ်သီးဗုံး ရွှေရောင်စနက်တံ တပ်ဆင်လျက် လက်ပစ်ဗုံးတစ်လုံး၊ ငွေရောင် ခြောက်လုံးပြူး သေနတ်ပုံစံ ဂက်စ်မီးခြစ်တစ်ခုနှင့် MARK-X အမျိုးအစား ခဲရောင် မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်နက် သို့မဟုတ် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ခဲယမ်းများ ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ တရားခံပြေး ဖားသု(ခ) ဖားထူး (ခ) ဒီငြိမ်းအပေါ် ဥပဒေအရ အရေးယူပေးရန် ရဲအုပ်တင်ဦးက တရားလိုလုပ်ပြီး တောင်ငူမြို့မ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းရာ တောင်ငူမြို့မ ရဲစခန်းက သက်ဆိုင်ရာ ပုဒ်မများဖြင့် အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

August 11, 2018














Copy Protected by Chetan's WP-Copyprotect.