ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ တူဖြစ်သူ အသတ်ခံရသည်မှာ ၁၀ လကျော်ပြီ ဖြစ်သော်လည်း ကျူးလွန်သူအား ဖမ်းဆီးနိုင်ခြင်း မရှိသေး

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ တူဖြစ်သူ အသတ်ခံရသည်မှာ ၁၀ လကျော်ပြီ ဖြစ်သော်လည်း ကျူးလွန်သူအား ဖမ်းဆီးနိုင်ခြင်း မရှိသေး
Published 10 August 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ တူဖြစ်သူ အသတ်ခံရသည်မှာ ၁၀ လကျော် ကြာပြီ ဖြစ်သော်လည်း အမှုမှ ကျူးလွန်သူကို ဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးကြောင်း သြဂုတ် ၉ ရက်တွင် စုံစမ်း သိရှိရသည်။

“အမှုဖြစ်တုန်းကတော့ တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး စုံစမ်း ဖော်ထုတ်တာပေါ့။ နောက်ပိုင်းမှာ အဲဒီအမှုကို စီအိုင်ဒီကို လွှဲလိုက်ပါတယ်။ စီအိုင်ဒီ ရဲတပ်ဖွဲ့ကပဲ ဆက်လက်စုံစမ်း ဖော်ထုတ်နေပါတယ်။ ကျူးလွန်သူကို ဖမ်းဆီးရမိရင်တော့ တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ပေးပါလိမ့်မယ်။ လောလောဆယ်တော့ စုံစမ်းနေဆဲပဲလို့ ကြားမိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ သြဂုတ် ၉ ရက် မွန်းလွဲပိုင်းတွင် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် သာကေတမြို့နယ် စက်မှုဇုန်အနီးရှိ ငမိုးရိပ်ချောင်းအတွင်းတွင် ပုပ်ပွ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ သေဆုံးသူမှာ ဘောင်းဘီတို၊ စပို့ရှပ်အကျီ အဖြူကို ဝတ်ဆင်ထားပြီး မှောက်လျက် သေဆုံးနေကြောင်း တွေ့ရပြီး အလောင်းအား စစ်ဆေးရာ ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ပွနေသဖြင့် အလောင်းကို ဆေးရုံသို့ ဆက်လက် တင်ပို့ စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ ကိုယ်ရေး အချက်အလက်အား ရဲတပ်ဖွဲ့က စစ်ဆေးရာ ဒဂုံမြောက်မြို့နယ်တွင် နေထိုင်သူ ကျဲအိုလျန်မန်း (၂၅ နှစ်) ဖြစ်ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ တူတစ်ဝမ်းကွဲ တော်စပ်သူဖြစ်ကြောင်းနှင့် ၎င်းမှာ နေအိမ်မှ အပြင်သို့ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့သည့်အတွက် မိသားစုက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ရက်တွင် မြောက်ဒဂုံ မြို့မရဲစခန်းတွင် လူပျောက် တိုင်တန်းခဲ့သည်။

ယင်းသို့ ဆေးရုံသို့ ပို့အပ်စစ်ဆေးရာ သေဆုံးသူ၏ ဦးခေါင်းတွင် ကွဲအက် ပြတ်ရှဒဏ်ရာ နှစ်ချက် တွေ့ရှိခဲ့သဖြင့် သာကေတနယ်မြေ ရဲစခန်းက (ပ) ၁၁၀၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရန်အတွက် ရဲတပ်ဖွဲ့က သေဆုံးသူနှင့် နီးစပ်သူအချို့အား ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျဲအိုလျန်မန်း၏ ဈာပနအခမ်းအနား ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ရေဝေးသုသာန်ရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်တွင် ပြုလုပ်ခဲ့သည်။

Most Recent