သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့် အမှုအား ရန်ကုန်တိုင်း တရားလွှတ်တော်တွင် သြဂုတ်၂၉ ရက် ကြားနာမည်

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့် အမှုအား ရန်ကုန်တိုင်း တရားလွှတ်တော်တွင် သြဂုတ်၂၉ ရက် ကြားနာမည်
Published 10 August 2018

အောင်ရဲထွေးအမှု၌ လွတ်မြောက်ခဲ့သည့် ကျော်ဇောဟန်က သြဂုတ် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်သို့ လာရောက် သတင်းပေးပို့စဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့်အမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ သြဂုတ်၂၉ ရက်တွင် ကြားနာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော် တရားစီရင်ရေးဌာနခွဲ Facebook စာမျက်နှာတွင် သြဂုတ် ၈ ရက်က ကြေညာသည်။

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့်အမှုမှ ပြင်ဆင်မှု လျှောက်ထားခံရသူ အမျိုးသားသုံးဦးမှာ သမ္မန်စာ ရရှိကြောင်း သြဂုတ် ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်သို့ လာရောက် သတင်းပေးပို့ခဲ့ပြီး ပြင်ဆင်ချက် လျှောက်ထားခံရသူ သုံးဦးအနက် သန်းထွဋ်အောင် (သားကြီး)နှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့က ရှေ့နေ ဦးတင်လှိုင်၊ ဦးရွှေလှိုင်တင်၊ ဒေါ်ခင်အေးလှိုင်တို့ကို ကိုယ်စားလှယ်လွှဲစာ တင်ထားပြီး ကျော်ဇောဟန် (ခ) ကျော်ဇောက ရှေ့နေ ဦးချစ်ကိုကို၊ ဒေါ်သင်းပပအောင် တို့ကို ကိုယ်စားလှယ်လွှဲစာ တင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် သတင်းနှင့် ပြန်ကြားရေးအရာရှိ တရားရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောကြားသည်။

လူမှုကွန်ရက် စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိသတ်အားပေးမှု ရရှိလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ The One Entertainment သို့ သူ၏ ချစ်သူနှင့်အတူ သွားရောက် လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှု ဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီး ဆိုသူအား သူ၏ဖခင်က ရဲစခန်းသို့ လာရောက် အပ်နှံခဲ့သည်။

သရုပ်ဆောင် အောင်ရဲထွေးအား အုပ်စု ဖွဲ့ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ ရိုက်နှက်မှုတွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှ ကျူးလွန်သူများကို ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက် အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ခုနစ်လခန့်အကြာတွင် တရားလိုဘက်မှ အမှုရုပ်သိမ်းသည်ဟု ဆိုကာ ဖမ်းဆီးထားသူများမှာ ပြန်လည် လွတ်မြောက်အပြီးတွင် အများပြည်သူက ဝိုင်းဝန်းကန့်ကွက်မှုများ ရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ပဲခူးတိုင်း အစိုးရအဖွဲ့နှင့် လည်းကောင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် လည်းကောင်း တွေ့ဆုံစဉ်တွင် လတ်တလော ဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းချင်း ကျေအေးခဲ့သည့် အမှုသည် လက်ခံနိုင်စရာ မရှိဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု ပြောကြားသည်။

ယင်းသို့ ပြောကြားမှုများအပြီးတွင် သရုပ်ဆောင် အောင်ရဲထွေးအမှုအား ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

သမ္မတရုံးမှ ညွှန်ကြားအပြီးတွင် ပြည်ထောင်စုရှေ့နေရုံး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးမှ ပြင်ဆင်မှု လျှောက်ထားချက်ကို ဇူလိုင် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီး တရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်မှု အမှတ်၂၉၆ (ခ)/၂၀၁၈ ဖြင့် အမှုကို လက်ခံကာ ဆက်လက် ကြားနာမည်ဖြစ်ပြီး လွတ်မြောက်ခဲ့သူများမှာ အချုပ်လွတ်ဖြင့် တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent