၂၀၁၆ ခုနှစ်က သန်လျင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်သည့် CCTV မှတ်တမ်းကို သက်သေခံအဖြစ် တင်သွင်းမှု တောင်ပိုင်းခရိုင် တရားရုံးက ပယ်ချခြင်းအပေါ် မိသားစုဝင်များ မကျေနပ်၍ သတင်းစာရှင်းလင်း

၂၀၁၆ ခုနှစ်က သန်လျင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်သည့် CCTV မှတ်တမ်းကို သက်သေခံအဖြစ် တင်သွင်းမှု တောင်ပိုင်းခရိုင် တရားရုံးက ပယ်ချခြင်းအပေါ် မိသားစုဝင်များ မကျေနပ်၍ သတင်းစာရှင်းလင်း
Published 10 August 2018

၂၀၁၆ ခုနှစ်က သန်လျင်မြို့နယ် KBZ ဘဏ်ရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်သည့် CCTV မှတ်တမ်းကို သက်သေခံအဖြစ် တင်သွင်းမှုအား တောင်ပိုင်းခရိုင် တရားရုံးက ပယ်ချခြင်းအပေါ် မိသားစုဝင်များက မကျေနပ်၍ သြဂုတ် ၉ ရက်က ပုဇွန်တောင်မြို့နယ်ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။

နှစ်နှစ်ခန့် ကြာမြင့်လာပြီ ဖြစ်သော အဆိုပါအမှုတွင် KBZ ဘဏ်ရှေ့ တပ်ဆင်ထားသော CCTV မှ ကူးယူ၍ လူသတ်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်သည့် ပုံရိပ်များ ပါဝင်သော CCTV မှတ်တမ်းကို သက်သေ တင်သွင်းထားမှုအား တောင်ပိုင်းခရိုင် တရားရုံးက ၂၀၁၈ ခုနှစ် ဇူလိုင် ၃၁ ရက် ရုံးချိန်းတွင် ပယ်ချခဲ့ကြောင်း သေဆုံးသူ ဦးမောင်သိန်း(၃၁ နှစ်) ၏ အစ်ကို၊ တရားလိုလည်း ဖြစ်သော ဦးခင်စိုး က ရှင်းလင်းပြောကြားသည်။

တရားလို ဦးခင်စိုး (သေဆုံးသူ၏ အစ်ကို) က “ကျွန်တော် ပြောတာက အမှုတစ်ခုကို တည်ဆောက်တဲ့အခါမှာ ရှာဖွေပုံစံဆိုတာ ရှိတယ်။ အဲဒီ ရှာဖွေပုံစံမှာ ဓားတွေ၊ ဘာတွေ ထည့်ပြီး သွင်းထားတယ်။ ဒါပေမဲ့ မှတ်တမ်းပါတဲ့ မန်မိုရီစတစ်ကို တင်ရမယ့်ဟာကို ဖျောက်ထားတယ်။ အဲဒါကို ကျွန်တော်တို့က ရုံးကို ပြန်တင်ပြပြီး လျှောက်တယ်။ စီစီတီဗီကို မန်မိုရီစတစ်နဲ့ တရားသူကြီးကို ကျင့်ထုံးအရ တရားလိုက လျှောက်တယ်။ လျှောက်တာကို ဒီဟာကို ပယ်ချတယ်ဆိုတော့ ကျွန်တော်တို့က ဘာမှလုပ်လို့ မရဘူး” ဟု မီဒီယာများအား ရှင်းလင်းသည်။

တောင်ပိုင်းခရိုင် တရားရုံးက စီစီတီဗီ မှတ်တမ်းပယ်ရခြင်းနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်မှ စီစီတီဗီမှတ်တမ်းမှ ကူးယူပေးသည့် မန်မိုရီစတစ်နှင့် စတစ်မှ ကူးယူသည့် စီဒီခွေတို့သည် သက်သေခံ ဥပဒေပုဒ်မ ၃(က)(ခ)နှင့် သက်သေခံ ဥပဒေပုဒ်မ ၉ တို့အရ စစ်ဆေးနေသည့် အမှုတွင် အရေးပါ အရာရောက်သော စပ်ဆိုင်သော အကြောင်းအရာဖြစ်သည်ကို တွေ့ရကြောင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၉၄(၁) တွင် အမှုစုံစမ်းခြင်း၊ စစ်ဆေးခြင်း ပြုလုပ်ရာတွင် လိုအပ်သော စာတမ်းအချက်အလက် (သို့မဟုတ်) ပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန် အမိန့်ဆင့်ဆိုနိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း၊ သို့သော် မန်မိုရီစတစ် နှင့် စီဒီချပ်များ မည်သူ့ထံတွင် ရှိနေကြောင်း လျှောက်ထားသူ တရားလိုက တိတိကျကျ တင်ပြထားခြင်း မရှိသည့်အတွက် ရုံးတော်မှ မည်သူ၏ လက်ဝယ်သို့ ရောက်ရှိနေမှန်း မသိသည့်ပစ္စည်းအား တရားရုံးရှေ့သို့ တင်ပို့ရန် ဆင့်ဆို၍ ရနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် တရားလို လျှောက်ထားချက်ကို ပယ်ကြောင်း ကြားဖြတ်အမိန့် ချမှတ်ရာတွင် ဖော်ပြထားသည်။

အမှုကို ရန်ကုန်မြို့ တောင်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး တရားသူကြီး သုံးဦးမြောက်၊ ဥပဒေအရာရှိ လေးဦးမြောက်အထိ ပြောင်းလဲ စစ်ဆေးနေရဆဲ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အစ်ကိုအကြီးဆုံးဖြစ်သူ ဦးအေးမြင့်က “ကျွန်တော်တို့ တရားလိုတွေ မှာ အရမ်းနစ်နာတယ်။ တကယ်တမ်းကျတော့ ဒီစီစီတီဗီအခွေမှာ ပါနေတာက သက်သေက ခိုင်ခိုင်မာမာ ပါနေတာ။ သူ့ထက် စိတ်ချရတာ ဘာရှိမှာလဲ။ ဒီကောင် (သေဆုံးသူ) ဆိုင်ကယ်ပေါ်မှာ ထိုင်နေတာကို လာရိုက်တဲ့ ပုံရော။ လာရိုက်တာကို လက်နဲ့ထိုးပြီး ပြန်ထိုးတဲ့ ပုံရော၊ အဲဒီမှာ အနောက်က ကောင်က ဓားနဲ့လိုက်ထိုးလိုက်လို့ ထွက်ပြေးတဲ့အချိန်၊ နောက်နေရာတွေကျတော့ စီစီတီဗီနဲ့ လွတ်သွားတော့ မမြင်ရတော့ဘူး” ဟု မီဒီယာများ အား ပြောကြားသည်။

ထို့ပြင် စီစီတီဗီမှတ်တမ်းတွင် ပါဝင်သော အခင်းဖြစ်ပွားနေချိန် အနောက်ဘက်နေရာတွင် ဝိုင်းဖွဲ့ထိုင်သော လူလေးဦးခန့် ရှိကြောင်း၊ မျက်မြင်သက်သေများ စာရင်းတွင် ၎င်းတို့ မပါဝင်လာကြောင်း ဦးအေးမြင့်က ဆက်လက် ပြောကြားသည်။

အမှုနှင့် ပတ်သက်၍ သီဟဇော် (ခ) သန်းဇော်နှင့် စိုးဝင်းနောင် (ခ) နောင်နောင်တို့ကို ဖမ်းဆီးရမိထားပြီး နောက်တစ်ဦးဖြစ်သော အောင်ကိုဆိုသူကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သေဆုံးသူ၏ မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက် ည ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် သန်လျင်မြို့နယ်၊ KBZ ဘဏ်ရှေ့ ၊ ဖို့မြေလမ်းဆုံ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ဦးမောင်သိန်းသည် ဂိတ်ထိုးထားစဉ် ကျူးလွန်သူများက ၎င်းအား တုတ်ဖြင့် ရိုက်၊ ဓားဖြင့် ထိုးကြောင်း၊ ထို့နောက် အခင်းဖြစ်နေရာမှ ဦးမောင်သိန်းသည် ထွက်ပြေးသွားခဲ့ကာ ထန်းပင်ကုန်းရပ်ကွက် (၂) လမ်းတွင် သေဆုံးခဲ့ကြောင်း၊ အမှုကို ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် တရားစွဲဆိုထားသည်။

Most Read

Most Recent