<

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦးအနက် ဇနီးကိုသံချွန်ဖြင့်ထောက်၍ ခြိမ်းခြောက်ပြီး ငွေများယူဆောင် ထွက်ပြေးသည့် အငှားယာဉ်မောင်းအား ဖမ်းဆီးရမိ

Photo: Yangon Police

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ခရီးသည် လင်မယားနှစ်ဦးအနက် ဇနီးကို သံချွန်ဖြင့်ထောက်၍ ခြိမ်းခြောက်ကာ ငွေစက္ကူများ ယူဆောင် ထွက်ပြေးသည့် အငှားယာဉ်မောင်းအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သြဂုတ် ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

သြဂုတ် ၁ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ မ……သည် ခင်ပွန်းဖြစ်သူနှင့်အတူ ညီမတော်စပ်သူ၏နေအိမ်တွင် ညအိပ်ရန် သွားရောက်စဉ် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၅၈ ရပ်ကွက်၊ ဆရာဆောင်လမ်းပေါ်အရောက် အသင့်တွေ့ရှိသည့် အငှားယာဉ်တစ်စီးကို ငှားရမ်း၍ မ……မှာ အငှားယာဉ်ခေါင်းခန်းရှေ့ ယာဉ်မောင်း၏ဘေးတွင် လိုက်ပါစီးနင်းခဲ့ပြီး ခင်ပွန်းမှာယာဉ်၏နောက်ခန်းတွင် လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

ယင်းသို့စီးနင်းလိုက်ပါလာခဲ့ရာ ဦးအမ်တင်လမ်းရှိ မှောင်ရိပ်ကျသောနေရာအရောက်တွင် ယာဉ်မောင်းမှာ မ……၏ ၀မ်းဗိုက်ကို သံချွန်ဖြင့်ထောက်၍ ခင်ပွန်းအား “မင်းမိန်းမ ဘာမှမဖြစ်စေချင်ရင် ယာဉ်ပေါ်မှဆင်း” ဟု ပြောဆိုပြီး ခင်ပွန်းယာဉ်ပေါ်မှ ဆင်းသွားချိန်တွင် မ……ကို အကုန်ထုတ်ပေးဟု ပြောဆိုခဲ့ကာ မ…..တွင်ပါလာသည့် ကျပ် ၇၀၀၀၀ ကို ယူဆောင်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ) ၅၈၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သည့် ယာဉ်မောင်းအား ဖမ်းဆီးရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အမှုဖြစ်တော့ သက်ဆိုင်ရာရဲတာဝန်ရှိသူတွေက တရားလိုကို မေးမြန်းတော့ ကျူးလွန်သူက အသက် ၃၀ အရွယ်လို့ သိရတာပေါ့။ ပြီးတော့ အခြားအချက်အလက်တွေ သိရတယ်။ အဲဒါကို ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေး ဆောင်ရွက်ခဲ့တဲ့အခါမှာ ကျူးလွန်တဲ့ အငှားယာဉ်မောင်းဟာ ဒဂုံဆိပ်ကမ်းမှာနေတဲ့ သန်းဇော်ဦး (ခ) စိုးမိုးကျော်လို့ဆိုတာ သိရှိခဲ့ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သည့် သန်းဇော်ဦး (၂၈နှစ်) ကို သြဂုတ် ၂ ရက် ည ၁၁ နာရီခန့်တွင် ယင်းမြို့နယ်ရှိ ကုလားဝဲတံတားတွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရပြီး ၎င်းအား စစ်ဆေးရာ အမှုအား ကျူးလွန်ခဲ့သည်ဟု ၀န်ခံထွက်ဆိုခဲ့ကြောင်းနှင့် ၎င်းထံမှ သက်သေခံ ငွေစက္ကူများနှင့် ထိပ်ချွန်စကူဒရိုင်ဘာ တစ်လက်၊ မော်တော်ယာဉ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

August 9, 2018














Copy Protected by Chetan's WP-Copyprotect.