ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးစခန်း တိုက်ခိုက်ခံရသည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ပြီး ညအချိန်မတော် သွားလာသည့် ဘင်္ဂါလီရှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ပြောကြား

ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးစခန်း တိုက်ခိုက်ခံရသည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ပြီး ညအချိန်မတော် သွားလာသည့် ဘင်္ဂါလီရှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ပြောကြား
Published 10 August 2018

လုံခြုံရေးစခန်း တိုက်ခိုက်ခံရသည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ပြီး ညအချိန်မတော် သွားလာသည့် ဘင်္ဂါလီရှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးစခန်းတစ်ခုကို အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အွန်လိုင်းတွင် သတင်းပျံ့နှံ့နေခဲ့ခြင်းနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက “အဲဒီကတော့ သတင်းမှားပါ။ သတင်းတွေ ထွက်နေတာဟာ ကောလဟာလသာ ဖြစ်ပါတယ်။ ည ၁၀ နာရီနောက်ပိုင်း အချိန်မတော် သွားလာနေတဲ့အတွက် မွတ်စလင် ရှစ်ဦးကို ညမထွက်ရအမိန့်နဲ့ တရားစွဲဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

သြဂုတ် ၇ ရက် ည ၁၁ နာရီကျော်တွင် ဘူးသီးတောင်မြို့နယ် တောင်ဘဇာရဲကင်းစခန်းမှ ဒုရဲမှူးမင်းအောင် ဦးစီးသော တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ် စာကိုင်းကျေးရွာနေ မိုဟာမတိအီလီယစ် (၄၅ နှစ်) (ဘ)ဘော်ရှီးရာမတ်ပါ ရှစ်ဦးတို့အား ညဉ့်အချိန်မတော် သွားလာနေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ခိုင်လုံသည့် အကြောင်းပြချက် ပြောဆိုနိုင်ခြင်းမရှိ၍ ကျောင်းတောင်ရဲကင်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သြဂုတ် ၈ ရက်တွင် ဖမ်းဆီးထားသူများအား တောင်ဘဇာရဲကင်းစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူများ ဟုတ်၊ မဟုတ် (မကဖ) အဖွဲ့နှင့် ပူးပေါင်းစစ်ဆေးခဲ့ရာ စာကိုင်းကျေးရွာ နေထိုင်သူများဖြစ်ကြောင်း သိရှိရ၍ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင်များမှ လှည့်ကင်း၊ ပတ်ကင်းနှင့် မြို့နယ်အတွင်း ရဲကင်းစခန်းများမှ ပုံမှန်လုံခြုံရေး ဆောင်ရွက်ထားကြောင်း သိရသည်။

“မြို့နယ်အတွင်း လုံခြုံရေးကတော့ မြို့နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လှည့်ကင်းတွေရော၊ ပတ်ကင်းတွေရော လုပ်ထားပါတယ်။ ပုံမှန်လုံခြုံရေးအတွက် ရဲကင်းစခန်းတွေလည်း ရှိပါတယ်” ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ဆိုသည်။ မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ညနေ ၉ နာရီမှ နံနက် ၅ နာရီအထိ အချိန်လျှော့ချ ပြင်ဆင်ထုတ်ပြန်ထားပြီး မောင်တောခရိုင်အတွင်း ညမထွက်ရ အမိန့်ကို ညနေ ၉ နာရီမှ နံနက် ၅ နာရီအထိ ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးမတွက် မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ ထုတ်ပြန်ထားရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၁၂ ရက်က ယခင်ထုတ်ပြန်ထားရှိသော ည ၆ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအစား ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ပြင်ဆင်ရန် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent