<

ကျောက်တော်မြို့နယ်အတွင်း နိုင်ငံခြားသို့ တရားမ၀င် ပို့ဆောင်ပေးသူအား ဖမ်းဆီးအမှုဖွင့်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း နိုင်ငံခြားသို့တရားမ၀င် ပို့ဆောင်ခံရသူများက တိုင်တန်းသဖြင့် ပို့ဆောင်ပေးခဲ့သူ တစ်ဦးအား ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဦးထွန်းလှဆိုသူသည် ကျောက်တော်မြို့နယ်မှ ကျေးရွာများသို့ ဖေဖော်ဝါရီလအတွင်းက ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံတွင် အလုပ်ရမည်ဖြစ်ကြောင်း၊ တစ်လလျှင် ကျပ်ခြောက်သိန်းရမည်ဖြစ်ကြောင်းနှင့် ပို့ဆောင်ခအဖြစ် ငွေကျပ်ငါးသိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ဂုတ်ပီတောင့်၊ ကွမ်းအုံချောင်း၊ ပြိန်းချောင်း အစရှိကျေးရွာများ အပါအ၀င် ရွာငါးရွာမှ အမျိုးသမီးအမျိုးသား ၂၃ ဦးတို့သည် ဦးထွန်းလှနှင့်အတူ လိုက်ပါခဲ့ရာ ဦးထွန်းလှက နယ်စပ်တွင် ထားခဲ့ကြောင်း သိရသည်။

“ဦးထွန်းလှက အဲဒီရွာသား ၂၃ ဦးကို ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ရက်က ခေါ်သွားတယ်။ တရုတ်နယ်စပ်မှာ တစ်ဖက်ကမ်းကလူနဲ့ ချိတ်ဆက်ပြီးထားခဲ့တယ်။ အဲဒီ ၂၃ ယောက်ဟာ နယ်စပ်မှာ သူတို့ကိုလာခေါ်တဲ့ လူနဲ့လိုက်ပါသွားပြီး ထီးစက်ရုံတစ်ခုမှာ အလုပ်အကိုင်ရခဲ့ပေမဲ့ လစာငွေလည်း မရရှိခဲ့တဲ့အပြင် တရုတ်မှာ တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံရပြီး ထောင်သုံးလကျခဲ့တယ်လို့ သိရတယ်။ အဲဒါကြောင့် ဦးထွန်းလှကို လိမ်လည်ခေါ်ဆောင်မှုကြောင့် နစ်နာခဲ့ကြသူတွေအနေနဲ့ အမှုဖွင့် တိုင်တန်းတာဖြစ်ပါတယ်။ ကျွန်တော်တို့အပေါက်ဝရဲခစန်းက အမှုဖွင့်ပေးလိုက်ပြီး မနေ့ကတည်းက ဖမ်းထားပါတယ်” ဟု အပေါက်ဝ ရဲစခန်းမှူးဒုရဲအုပ်ဌေးဇော်က ပြောကြားသည်။

August 9, 2018














Copy Protected by Chetan's WP-Copyprotect.