<

မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသူသုံးဦး၏အမှု လာမည့်သြဂုတ် ၁၄ ရက်ရုံးချိန်းတွင် စတင်စစ်ဆေးမည်

မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသူ သုံးဦးအမှုကို သြဂုတ် ၈ ရက်က အနောက်ပိုင်းခရိုင်တရားရုံးတွင် လေးကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ယင်းနေ့ရုံးချိန်းတွင် အမှုမှ ဟူစိန်(ခ)မိုဟာမက်ဟူစိန်၏ တရားခံပြေးအမှုနှင့် ပတ်သက်ပြီး ဖမ်းဝရမ်း အတည်ပြုသည့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူနှစ်ဦးသည် ကြားရက်များတွင် လာရောက် အစစ်ခံခဲ့သောကြောင့် တရားခံပြေးအမှုအတွက် စစ်ဆေးမှု ပြီးစီးခဲ့ကာ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်နှင့် ဟူစိန်(ခ)မိုဟာမက်တို့ကို တရားခံပြေးအဖြစ် အတည်ပြုခဲ့သည်။

ထို့နောက် လာမည့်ရုံးချိန်းကို သြဂုတ် ၁၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့ရုံးချိန်းတွင် ရာကြီးအမှုဖြစ်သည့် ၈၄/၂၀၁၈ အတွက် တရားလိုဖြစ်သူ ရဲမှူးခင်မောင်သိန်းကို စတင်စစ်ဆေးမည်ဖြစ်ကာ တရားလိုပြသက်သေ ၆၉ ဦး တင်သွင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၂ ရက်က မလေးရှားနိုင်ငံ စီမရမ်မြို့ကုန်လှောင်ရုံတွင် မလေးရှားနိုင်ငံသားသုံးဦး၊ မြန်မာနိုင်ငံသားသုံးဦးတို့နှင့်အတူ မြန်မာနိုင်ငံဘက်မှ တင်ပို့လိုက်သည့် ကုန်သေတ္တာအတွင်းမှ အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မက်သာဖက်တမင်း ၁၁၈၇ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၇၅၀ ကီလိုဂရမ်တို့ကို မလေးရှားအကောက်ခွန်ဦးစီးဌာနက ဖမ်းဆီးရမိခဲ့ပြီး ယင်းကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ မလေးရှားနိုင်ငံသမိုင်းတွင် အများဆုံး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ပမာဏဖြစ်ကြောင်း မလေးရှားမီဒီယာများက ဖော်ပြခဲ့ကြောင်း သိရသည်။ ထွက်ပြေးတိမ်းရှောင်နေသည့် ချင်ကျားမူ(ခ)မကျားဝေ(ခ)နှင်းဦးလွင်နှင့် ဟူစိန်(ခ)မိုဟာမက်တို့ကို တွေ့ရှိပါက နီးစပ်ရာရဲစခန်းကို သတင်းပေးပို့ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

August 9, 2018














Copy Protected by Chetan's WP-Copyprotect.