စစ်တွေတွင် မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားရသူများအနက် နှစ်ဦးအား ထောင်ဒဏ်ခြောက်လစီ ချမှတ်

စစ်တွေတွင် မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားရသူများအနက် နှစ်ဦးအား ထောင်ဒဏ်ခြောက်လစီ ချမှတ်
Published 9 August 2018

စစ်တွေတွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားရသူများအနက် ဦးသန်းရွှေနှင့် ဦးမြင့်ကြည်တို့နှစ်ဦးအား နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ်ခြောက်လစီ ချမှတ်လိုက်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သံသယရှိသူကိုးဦးအား ဖမ်းဆီးခဲ့ပြီးနောက် ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ လေးဦးကို မတ် ၂၆ ရက် ညတွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီးနောက် မောင်သိန်းဦးကို မတ် ၂၇ ရက် နံနက်တွင် စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် ကျန်ရှိနေခဲ့သော လေးဦးအထဲမှ မောင်သန်းရွှေနှင့် မောင်မြင့်ကြည်တို့ကို မတ် ၂၉ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ သြဂုတ် ၈ ရက်တွင် မြို့နယ်တရားရုံးက ထိုသို့ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တွေမြို့မှာ ကျွန်တော်တို့ ဖောက်ခွဲမှုနဲ့ အဖမ်းခံရတယ်။ ပြီးတော့ လဝကမှုနဲ့ တရားစွဲတယ်။ ဒီနေ့ ကျွန်တော်တို့ကို ထောင်ခြောက်လချလိုက်တယ်။ ဒီလိုအမိန့်ချမှတ်လိုက်မှုအပေါ်မှာ ကျွန်တော်တို့ မတရားဘူးလို့ ထင်ပါတယ်” ဟု မောင်သန်းရွှေက တရားရုံးမှ အထွက်တွင် မီဒီယာများအား ပြောကြားသည်။

ကျန်ရှိနေသေးသော ဦးမောင်အေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို ဧပြီ ၂၄ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မများဖြစ်သည့် အမှုအမှတ် ၂၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀ (က)/ (ဈ)၊ အမှုအမှတ် ၃၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) နှင့် အမှုအမှတ် ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) များဖြင့် စွဲချက်တင်ခံခဲ့ရပြီး အမှုကိုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ သန်းလှိုင်

Most Read

Most Recent