မြစ်ကြီးနားမြို့တွင် ရိုက်နှက် လုယက်မှုများ ကျူးလွန်ခဲ့သည်ဟု ဆိုသော နဝမတန်း ကျောင်းသားငါးဦး အပါအဝင် လူငယ် ၁၀ ဦးအား တစ်သက်တစ်ကျွန်းအထိ အပြစ်ပေးနိုင်သည့် ဓားပြမှုဖြင့် ထပ်မံအမှုဖွင့်

မြစ်ကြီးနားမြို့တွင် ရိုက်နှက် လုယက်မှုများ ကျူးလွန်ခဲ့သည်ဟု ဆိုသော နဝမတန်း ကျောင်းသားငါးဦး အပါအဝင် လူငယ် ၁၀ ဦးအား တစ်သက်တစ်ကျွန်းအထိ အပြစ်ပေးနိုင်သည့် ဓားပြမှုဖြင့် ထပ်မံအမှုဖွင့်
Published 9 August 2018

မြစ်ကြီးနားမြို့ပေါ်တွင် ရိုက်နှက် လုယက်မှုများ ကျူးလွန်နေသည်ဟု ဆိုသော နဝမတန်းကျောင်းသား ငါးဦး အပါအဝင် လူငယ် ၁၀ ဦးအား တစ်သက်တစ်ကျွန်းအထိ အပြစ်ပေးနိုင်သည့် ဓားပြမှုဖြင့် ထပ်မံ အမှုဖွင့်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၃၁ ရက် ညပိုင်းတွင် မြစ်ကြီးနားမြို့ ရေတွင်းကွေ့အနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် လူနှစ်ဦးကို လူငယ်လေးဦး မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးက လမ်းပိတ်ရပ်ကာ ဆိုင်ကယ် ဆီပြတ်သဖြင့် ဆီဖိုးပေးရန် တောင်းသောကြောင့် ပိုက်ဆံအိတ် ထုတ်ရာတွင် ဖုန်းနှင့် ဆိုင်ကယ်များပါ ထားခဲ့ရန် လူငယ်လေးဦးက ပြုလုပ်လာကြောင်း၊ နှစ်ဖက် ထိုးကြိတ်မှု ဖြစ်ပွားရာ၌ နောက်ထပ် ဆိုင်ကယ်နှစ်စီး ရောက်ရှိချိန်တွင် ယင်းဆိုင်ကယ်နှစ်စီးကိုလည်း ထပ်မံ ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် လူငယ်တစ်ဦးအား ဖမ်းဆီးမိပြီး ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးရာ အခြားသော တရားခံများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းပြစ်မှု ကျူးလွန်ခဲ့သည့် လူငယ်များအား စစ်ဆေးရာ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် M21 စားသောက်ဆိုင်မှ ဝိတ်တာ ကလေးနှစ်ဦး၏ ဆိုင်ကယ်နှင့် ဖုန်းများကို လုယူသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ မြစ်ကြီးနားမြို့နယ်မြေ ရဲစခန်းတွင် သြဂုတ် ၁ ရက်က ကျူးလွန်မှုကို (ပ) ၁၉၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ( လုယက်မှု)၊ ၁၁၄ (ပူးပေါင်းကြံစည်မှု)ဖြင့် လည်းကောင်း၊ ဇူလိုင် ၃၀ ရက် လုယက်မှုတွင် လူစုလူဝေးဖြင့် လုယက်သဖြင့် (ပ) ၂၀၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြစ်ကြီးနား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်မိုးက “သြဂုတ် ၁ ရက်မှာတော့ ၁၀ ဦးပါပေမယ့် ကျူးလွန်တာက လေးဦးပေါ့။ တစ်ဦးကိုတော့ ဖမ်းဆီးဆဲ ဖြစ်ပါတယ်။ သူ့ကိုတော့ လုယက်မှုနဲ့ပဲ အမှုဖွင့်ထားပါတယ်။ ဒုတိယတစ်ကြိမ် ဇူလိုင် ၁ ရက်နေ့ကလည်း ၁၀ ဦးပါ။ တိုင်ကြားသူကလည်း အနည်းဆုံး ၁၀ ဦးလောက် ရှိတယ်လို့ တိုင်ကြားတော့ ရာဇသတ်ကြီး ၃၉၅ ဓားပြမှုနဲ့ အမှုဖွင့်ထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အမြင်အရဆိုရင် တခြားသော ပြစ်မှုတွေလည်း ကျူးလွန်ခဲ့ဦးမယ်လို့ သံသယရှိပါတယ်။ ဖြောင့်ချက်လည်း ယူပြီးပါပြီ။ သက်သေခံတွေကိုလည်း သိမ်းပြီးသွားပြီ။ ဥပဒေအကြံပြုချက် ယူပြီးတာနဲ့ တရားစွဲဆိုသွားမှာပါ။ ကျူးလွန်တဲ့ ကလေးတွေက အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အထိက ခုနစ်ဦး ပါတယ်။ ၁၈ နှစ်အထက်က သုံးဦးပါတယ်။ ကျူးလွန်ရတဲ့ အကြောင်းရင်းကလည်း အပေါင်းအသင်း မှားတာကြောင့်ပါ။ လက်ရှိမှာတော့ ပြည်သူတွေကလည်း တိုင်တယ်။ ဖမ်းဆီးရမိမှုတွေကလည်း ရှိတော့ လုယက်မှုတွေတော့ ငြိမ်သွားပါတယ်။ လှည့်ကင်း၊ ဝပ်ကင်းတွေလည်း နေ့ည မိုးလင်းပေါက်အထိ ရှိနေပါတယ်။ အချိန်နဲ့ တစ်ပြေးညီ ၁၉၉ ကို ခေါ်ဆိုပြီး တိုင်ကြားစေချင်ပါတယ်” ဟု ပြောကြားသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၉၅ တွင် မည်သူမဆို ဓားပြမှု ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၈ ခုနှစ် မြစ်ကြီးနားမြို့နယ် လူသတ်မှု ငါးမှု၊ မုဒိမ်းမှု နှစ်မှု၊ မတရားအသင်း နှစ်မှု၊ လုယက်မှု ငါးမှုရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် နောက်ဆုံးပတ်က ကချင်ပြည်နယ် ဖားကန့်မြို့တွင်လည်း လုယက်၊ လူသတ်မှုအထိ ကျူးလွန်ခဲ့သည့် လူငယ် လေးဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ဆက်တိုက် ဖြစ်ပေါ်နေသည့် ခိုးဆိုးလုယက်မှုများနှင့် လုံခြုံရေးအစီအမံများ မည်သို့ လုပ်ဆောင်ထားသည်ကို ပြည်နယ်လွှတ်တော်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်က မေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့် ပတ်သက်၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က “မြစ်ကြီးနားမြို့တော် ဒုစရိုက်မှုများ ကာကွယ်တားဆီးရေးနှင့် မြို့နေပြည်သူများ လုံခြုံရေးအတွက် ဌာနဆိုင်ရာ ၁၅ ဖွဲ့ရှိပြီး သက်ဆိုင်ရာအလိုက် ဆောင်ရွက်နေပါတယ်။ တပ်မတော်သားအဖွဲ့များနှင့်လည်း ပူးပေါင်းပြီး ရဲတပ်ဖွဲ့ အင်အားအရာရှိ ၁၅ ဦးနှင့် အခြားအဆင့် ၄၀ ဦး ပါဝင်တဲ့ အဖွဲ့တွေဟာ ညတိုင်းမှာ လှုပ်ရှားဆောင်ရွက်နေတာတွေ ရှိပါတယ်”ဟု ပြောကြားသည်။

ရိုက်နှက် လုယက်မှုများ၊ ဖောက်ထွင်းမှုများ၊ ဓားထောက် လုယက်မှုများမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်သာမက မိုးညှင်း၊ ဗန်းမော်၊ ဖားကန့်မြို့များတွင် အဖြစ်များနေပြီး အများစုမှာ အဘက်ဘက်မှ ယုံကြည်မှု အားနည်းသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် အစိုးရသစ် နှစ်ဆက်အတွင်း ဝန်ကြီးချုပ်များ၏ ကိုယ်ရေးအရာရှိနှင့် လုံခြုံရေးအရာရှိများ မြစ်ကြီးနားမြို့ပေါ်တွင် တိုက်ခိုက်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent