လှိုင်မြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ နောက်တိုးတရားခံနှစ်ဦး ထပ်ထည့်ပေးရန် လျှောက်ထားမှု တရားရုံးက ပလပ်သဖြင့် အထက်ရုံးအထိ ဆက်တက်မည်ဟု မိသားစုဝင် ပြောကြား

လှိုင်မြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ နောက်တိုးတရားခံနှစ်ဦး ထပ်ထည့်ပေးရန် လျှောက်ထားမှု တရားရုံးက ပလပ်သဖြင့် အထက်ရုံးအထိ ဆက်တက်မည်ဟု မိသားစုဝင် ပြောကြား
Published 8 August 2018

လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာတွင် နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှုမှ အခင်းဖြစ်ပွားသည့် နေအိမ်ဝန်းကျင်ကို တွေ့ရစဉ် ( ဓာတ်ပုံ - သီဟအောင်)

လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ နောက်တိုးတရားခံနှစ်ဦး ထပ်ထည့်ပေးရန် လျှောက်ထားမှုကို တရားရုံးက ပလပ် (ပယ်ချ) လိုက်သဖြင့် အထက်တိုင်းတရား လွှတ်တော်သို့ ဆက်လက် လျှောက်ထားသွားမည်ဖြစ်ကြောင်း သြဂုတ် ၇ ရက်တွင် သေဆုံးသွားသူများ၏ မိသားစုဝင်ထံမှ သိရသည်။

အမှုတွင် နောက်တိုးတရားခံနှစ်ဦး ထပ်ထည့်ပေးရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ ဇူလိုင် ၂၄ ရက်က လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နောက်တိုးတရားခံအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားခံရသူနှစ်ဦးမှာ သေဆုံးသူ ဒေါ်ကေသီလှိုင်၏ ကျောင်းတက်နေသည့် သမီးကြီးကို ကျောင်းမှ သွားရောက် ခေါ်ဆောင်ခဲ့သည့် အမျိုးသမီးနှင့် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။

“ပယ်ချလိုက်တယ်။ ဘာဖြစ်လို့ ပယ်လဲလို့ပြောလဲဆိုတော့ ဒီအမှုကို သက်သေ ၁၉ ယောက် စစ်ပြီးသွားပြီပေါ့နော်။ ဒီသက်သေ ၁၉ ယောက်ရဲ့ ထွက်ချက်တွေထဲမှာ ပူးပေါင်းကြံစည်တယ် ဆိုတဲ့ဟာ မပေါ်ပေါက်ဘူးပေါ့။ မထင်ရှားဘူးပေါ့။ ဒါကြောင့်မို့ ဒီလူတွေကို နောက်တိုးတရားခံအဖြစ် ထည့်တဲ့ဟာကို ပယ်ချတယ်ပေါ့၊ အစ်ကိုကတော့ အထက်ထိတက်မှာပဲ နောက်ဆုံး တစ်ယောက်မဟုတ် တစ်ယောက်ဆီတော့ နည်းမှန်လမ်းမှန် ပေါ်လာမှာပဲလေ” ဟု သေဆုံးသူများ၏ မိသားစုဝင် ကိုလှမျိုးထွန်းက ပြောကြားသည်။

အမှုနှင့်စပ်လျဉ်း၍ မှုခင်းဖြစ်ပြီး ရှစ်လအကြာတွင် နောက်ဆုံးတရားလိုပြ သက်သေအဖြစ် အမှုစစ် ရဲအရာရှိဖြစ်သူ လှိုင်မြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်ကို ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က အနောက်ပိုင်း ခရိုင်တရားရုံး၊ ရုံးခန်းအမှတ်(၅)၊ တွဲဖက်ခရိုင် တရားသူကြီး(၄) ဦးညီညီအေး၏ တရားခွင်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

“သက်သေ ၁၉ ယောက် ဆိုတာကလည်း ရဲထည့်ထားတဲ့ ဟာတွေဆိုတော့ တိတိကျကျ ဘယ်လိုမှ ပြောလို့မရဘူး။ ပြီးတော့လည်း မျက်မြင်သက်သေရှိမှ ကိုယ်တိုင်သိမှသာ အဲဒီလူကို ရုံးတင်လို့ရမယ်ဆိုရင် ဘယ်လိုလုပ် ဖြစ်တော့မှာတုံး။ မျက်မြင်သက်သေရှိမှ ကိုယ်တိုင်သိမှသာ အဲဒီလူကို ရုံးတင်လို့ရမယ်ဆိုရင် ဘယ်လိုလုပ် ဖြစ်တော့မှာတုံး လူသတ်မှုတို့ မုဒိမ်းမှုတို့ဆိုတာ မျက်မြင်သက်သေရှိမှ မရှိတာ။ သတ်တဲ့သူ ကိုယ်တိုင်က ဝန်ခံထားပြီးပြီ ဆိုလို့ရှိရင် ကိုယ်ကသူ့ရဲ့ နောက်ဆက်တွဲကို စစ်ရမှာလေ။ ဒီလူပြောတာ မှန်မမှန် ဆိုတာကို။ အခုဟာက အခု အဲဒီထွက်ချက်အတိုင်းပဲ စွဲချက်တင်တော့မှာ။ နောက်တစ်ခုက သေဒဏ်ပေးနိုင်တဲ့အမှု ဖြစ်တဲ့အတွက် ဒီအမှုမျိုးကို နောက်တိုးတရားခံထည့်ဖို့ ရုံးကနေပြီး တော်တော်စဉ်းစား ယူရတယ်ပေါ့၊ အဲဒီလိုပြောတယ်” ဟု ကိုလှမျိုးထွန်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မှုခင်းဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် လှိုင်မြို့နယ်ရှိ တိုက်အခန်းတစ်ခန်း၏ အပြင်ဘက်မှအခန်း တံခါးများမှာ သော့ပိတ်ထားပြီး လှေကားထိပ်တွင် အပုပ်နံ့များ ထွက်နေကာ အဝါရောင် အရည်များ ကျဆင်းနေကြောင်း အဆိုပါတိုက်တွင် နေထိုင်သူများက သက်ဆိုင်ရာသို့ ဆက်သွယ်ခဲ့ရာမှတစ်ဆင့် ပေါ်ပေါက်ခဲ့သည့်အမှု ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုမှ မအေးမာဦး (၂၅ နှစ်)နှင့်၊ မကေသီလှိုင် (၄၀ နှစ်)နှင့် ၎င်း၏သမီးဖြစ်သူ မသာယာထွန်း ကိုးနှစ်တို့ သုံးဦးကို လစာတိုးတောင်းရာမှတစ်ဆင့် စကားများကာ ဇွဲလင်းထက်က ၎င်းသတ်ခဲ့သည်ဟု ဝန်ခံထားပြီး ဇွဲလင်းထက်၏ မိန်းမဖြစ်သူ ခင်ခင်ဖြိုး(၂၁ နှစ်)မှာ လူသတ်မှုမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် အတူတူပါဝင်ခဲ့မှု၊ လက်ဝတ်လက်စား ပစ္စည်းများ ရောင်းချရာတွင် ဇွဲလင်းထက်၏ မိခင်ဖြစ်သူ ဒေါ်ရီတင်(၅၃ နှစ်) က ပါဝင်ခဲ့မှုတို့ဖြင့် ၎င်းတို့သုံးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ဇွဲလင်းထက်၊ ခင်ခင်ဖြိုး၊ ဒေါ်ရီတင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄/၂၀၁/၄၁၄ တို့ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

Most Read

Most Recent