အသက်ကိုးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်ပြီးသတ်ဖြတ်မှု နေပြည်တော် လယ်ဝေးမြို့နယ်တွင် ဖြစ်ပွား

အသက်ကိုးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်ပြီးသတ်ဖြတ်မှု နေပြည်တော် လယ်ဝေးမြို့နယ်တွင် ဖြစ်ပွား
Published 6 August 2018

အသက်ကိုးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်ပြီး သတ်ဖြတ်မှု နေပြည်တော် လယ်ဝေးမြို့နယ် သစ်ပုတ်ပင် အုပ်စုအတွင်း ဇူလိုင် ၃၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာမှ အသက် ကိုးနှစ်အရွယ် မိန်းကလေးအား တစ်ရွာတည်းတွင် နေထိုင်သူ ကျူးလွန်သူဟုယူဆရသူ ဦးမောင်နိုင်ဆိုသူက သားမယားပြုကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ဒီလိုမျိုးဖြစ်ပွားတဲ့အတွက် စိုးရိမ်ကြတာပေါ့၊ မိဘတွေက စိုးရိမ်တယ်။ နောက်တစ်ခါ ဒီကိစ္စကို နောင်မဖြစ်ရေးကို ကျွန်တော်ကို တောင်းဆိုတယ်။ ဒီလူကို ရွာကို ပြန်အပ်ပေးဖို့၊ အဲဒီလောက်အထိတောင် တောင်းဆို တယ်။ နောက်မလုပ်ရဲအောင်ပေါ့။ ရွာကပဲ ဆုံးမချင်တယ်” ဟု ပင်ငါးမြှောင်ကျေးရွာ ရာအိမ်မှူး ဦးသိန်းဇော်က ပြောကြားသည်။

အသက် ကိုးနှစ်အရွယ်မိန်းကလေးကို သားမယားပြုကျင့်သတ်ဖြတ်ခဲ့သူဟု ယူဆရသူဦးမောင်နိုင်သည် ယခင်ကလည်း မိမိ၏ သားအရင်းကို သတ်ရန်ကြံစည်မှု၊ နှိပ်စက်မှုများ ပြုလုပ်ခြင်းကြောင့် အုပ်ချုပ်ရေးရုံးသို့ ဇနီးဖြစ်သူက လာရောက်တိုင်တန်းမှု သုံးကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း  ဦးသိန်းဇော်ကဆိုသည်။

အဆိုပါအဖြစ်အပျက်များကြောင့် ကျူးလွန်သူဟုယူဆရသူ၏ ဇနီးနှင့် မိသားစုကလည်း ကချင်ပြည်နယ်အတွင်းရှိ အစ်ကို တော်စပ်သူထံ ထွက်ပြေးတမ်းရှောင်နေ ကြောင်း သိရသည်။

သားမယားပြုကျင့်သတ်ဖြတ်ခံရသည့် မိန်းကလေးသည် ဒုတိယတန်းတွင်  ပညာသင်ယူနေသည့် ကျောင်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ ဇူလိုင် ၃၀ ရက် ည ၉ နာရီခန့်တွင်ကျူးလွန်သူဟုယူဆရသူမှာ အရက်မူးပြီး  ၎င်း၏ တဲသို့ပြန်လာစဉ် ယခုသေဆုံးသူ မိန်းကလေး ၏နေအိမ်သို့ ဝင်ရောက်ကာ နေအိမ်အတွင်း အိပ်နေသည့် ကလေးသုံးဦးအနက်  အဆိုပါ မိန်းကလေးကို တွေ့ရှိ၍ သွေးသားဆန္ဒ မထိန်းနိုင်၍ အိပ်နေရာမှ ပွေ့ချီပြီး နေအိမ် အနောက်ဘက် ကိုက် ၁၅၀ ကျော်အကွာ ကုန်းစောင်း မြေကွက်လပ်သို့ ပွေ့ချီခေါ် ဆောင်ပြီး ပါးစပ်ပိတ်ကာ သားမယားအဖြစ် ပြုကျင့်ပြီးချိန်၌ ထိုမိန်းကလေးမှာ အသက် မသေသေးဘဲရှိနေသည်ကို တွေ့ရှိရ၍ မထူးတော့ဟု တွေးကာ လည်ပင်းညှစ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

သစ်ပုတ်ပင်ကျေးရွာ စခန်းမှူး ဦးမြင့်ဆွေက “သက်သေတွေ စစ်တုန်းပါ။ သေချာ အသေးစိတ် စစ်ဆေးပြီးတော့ ဖြောင့်ချက်ယူထားပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent