မိတ္ထီလာကန်ပတ်လမ်းတွင် ထိုင်နေသော လူငယ်များက လက်ခုပ်တီးခေါ်သည် ဟုဆိုကာ ဓားဖြင့်ထိုးသဖြင့် တက္ကသိုလ်ကျောင်းသား တစ်ဦးသေဆုံးပြီး မသင်္ကာဖွယ် လူငယ်လေးဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိ

မိတ္ထီလာကန်ပတ်လမ်းတွင် ထိုင်နေသော လူငယ်များက လက်ခုပ်တီးခေါ်သည် ဟုဆိုကာ ဓားဖြင့်ထိုးသဖြင့် တက္ကသိုလ်ကျောင်းသား တစ်ဦးသေဆုံးပြီး မသင်္ကာဖွယ် လူငယ်လေးဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိ
Published 5 August 2018

မိတ္ထီလာကန်ပတ်လမ်းတွင် ထိုင်နေသော လူငယ်ခြောက်ဦးက လက်ခုပ်တီးခေါ်သည် ဟုဆိုကာ စကားများ ရန်ဖြစ်ပြီး ဓားဖြင့် ထိုးသဖြင့် တက္ကသိုလ်ကျောင်းသား တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကာ ကျူးလွန်သူ ဟုယူဆရသူ လူငယ်လေးဦးအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း မိတ္ထီလာမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှ သိရသည်။

သြဂုတ် ၃ ရက် ည ၉ နာရီကျော်က မိတ္ထီလာမြို့ လျှော်ဖြူကန် ကျေးရွာနေ ဦးဖိုးချို (၅၀ နှစ်) သည် သားဖြစ်သူ ဇော်ဝင်းနိုင် မိတ္ထီလာ ကန်ပတ်လမ်းတွင် ဓားထိုးခံရသဖြင့် ဆေးရုံရောက်နေကြောင်း သိရသဖြင့် လိုက်သွားရာ ဇော်ဝင်းနိုင်မှာ ဆေးရုံတွင် ဓားထိုးဒဏ်ရာဖြင့် သေဆုံးသွားသဖြင့် သူငယ်ချင်းများအား မေးမြန်းရာ ဇော်ဝင်းနိုင် (၁၈ နှစ်) တတိယနှစ် (ပထဝီ) မိတ္ထီလာ တက္ကသိုလ်သည် သူငယ်ချင်းများ ဖြစ်သော သူရကိုကို (၁၈ နှစ်)၊ သီဟဇော် (၁၈ နှစ်) တို့အပါအဝင် သူငယ်ချင်းခြောက်ဦး မိတ္ထီလာကန်ပတ်လမ်း ဓမ္မသုခကန်ဦးစေတီ အနီးတွင် ထိုင်နေစဉ် ကိုပိုင်က အရှေ့ဘက်မှလာသော လူငယ်သုံးဦးအား လက်ခုပ်တီးခေါ်လိုက်ရာ လူငယ်သုံးဦးမှာ အနီးရောက်ရှိလာပြီး ဘာလို့လက်ခုပ်တီး ခေါ်တာလဲ ဟုဆိုကာ လူငယ်သုံးဦးအနက် ဓားကိုင်ထားသော လူငယ်က သူရကိုကိုအား ခြေဖြင့်ကန်သဖြင့် သွေးထွက်ဒဏ်ရာရရှိပြီး ဇော်ဝင်းနိုင်က လူမှားနေကြောင်း ပြောနေစဉ် ဓားဖြင့်ထိုးသဖြင့် ဇော်ဝင်းနိုင်မှာ ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ သီဟဇော်တွင် ဘယ်ဘက်ပခုံး ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ၊ ပြင်ပလူနာ) စသည့်ဒဏ်ရာများ ရရှိခဲ့ပြီး ဇော်ဝင်းနိုင်မှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သဖြင့် ဓားဖြင့်ထိုးသူ အမည်မသိ လူငယ်များအား အရေးယူပေးပါရန် ဦးဖိုးချိုက တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။

“လူငယ်လေးယောက်တော့ ဖမ်းထားတယ်။ မသင်္ကာဖွယ်ပေါ့လေ။ ရန်ငြိုးရန်စတော့ မရှိလောက်ပါဘူး။ လူငယ်တွေဆိုတော့ လက်ခုပ်တီးတာကို မထီမဲ့မြင့် လုပ်တယ်ဆိုပြီး ဖြစ်တဲ့သဘောတော့ရှိတယ်။ စစ်နေတုန်းမို့ အတည်ပြုပြောလို့ မရသေးပါဘူး” ဟု မိတ္ထီလာမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းက သြဂုတ် ၄ ရက် မနက်ပိုင်းက ပြောကြားသည်။

အဆိုပါ အမှုအား မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းက (ပ)အမှတ် ၂၆၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent