<

အရက်မူးပြီး ရန်ရှာသည့်ခင်ပွန်းအား ဇနီးဖြစ်သူက ဓားဖြင့်ထိုးသတ်မှု ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွား

အရက်မူးပြီး ရန်ရှာသည့် ခင်ပွန်းအား ဇနီးဖြစ်သူက ဓားဖြင့်ထိုးသတ်မှု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၃၁ ရက် တွင် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၃၀ ရက် ညပိုင်းတွင် ရွှေပြည်သာမြို့နယ် (ဏ/၁၄) ရပ်ကွက် ပန်းခြံ (၂၁) ပေါ်ဆန်းမွှေး (၄) လမ်းရှိ နေအိမ်တွင် အမျိုးသားတစ်ဦး ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကို…. (၃၂ နှစ်) ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က စစ်ဆေးရာ သေဆုံး သူမှာ အခင်းဖြစ်ပွားသည့်ညတွင် အရက်အလွန်အကျွံသောက်ကာ နေအိမ်သို့  ပြန်လာခဲ့ကြောင်း၊ နေအိမ်သို့ ရောက်ချိန်တွင် ကို…. မှာ ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး (၄၇ နှစ်) အား ထမင်းစားလိုသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုသည့် အချိန်တွင် ဒေါ်စိမ့်စိမ့်အေးက ကို…. ထမင်းစားရန် စီစဉ်ပေးပြီး အိပ်ရာဝင်ခဲ့ကြောင်း၊ ယင်းနောက် ခဏအကြာတွင် ကို….က  ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး၏ ခြေထောက်အားဆွဲပြီး အမျိုးမျိုး ရန်ရှာပြောဆို နေခဲ့ကြောင်းနှင့် ယင်းသို့ပြောဆိုသဖြင့် ဒေါ်စိမ့်စိမ့်အေးမှာ အရိုးအသွား ၁၁ လက်မခန့်ရှိ သစ်သားရိုးတပ် ဦးချွန်စတီးဓားဖြင့် ကို…. ၏ ယာဘက်ရင်အုံအား တစ်ချက်ထိုးသတ် ခဲ့ခြင်းဖြစ်သည်။

“ကနဦး စစ်ဆေးချက်မှာ ခင်ပွန်းကို ဓားနဲ့ထိုးသတ်ခဲ့သူက လိမ်လည်ထွက်ဆိုတာပါ။ သူက နေအိမ်မှာ အိပ်နေတုန်း သူ့ခင်ပွန်းက အရက်မူးပြီး ရောက်လာတယ်။ သူ့ခင်ပွန်းက အိမ်တံခါးကို ဖွင့်တဲ့အချိန် အသံကြားတော့ အိမ်ရှေ့ထွက်ကြည့်တာ သူ့ခင်ပွန်းက ထိုးသွင်းဒဏ်ရာ တစ်ချက်ရထားပြီး သေဆုံးနေတယ်ဆိုပြီး ထွက်ဆိုတာ။ ဒါပေမဲ့ ရဲတပ်ဖွဲ့က မသင်္ကာလို့ စခန်းကိုခေါ်ပြီး အသေးစိတ် စစ်ဆေးတော့ ဓားနဲ့ထိုးသတ်တဲ့ အမျိုးသမီးက သူ့ခင်ပွန်းက သူ့ကိုရန်အမျိုးမျိုးရှာလို့ ဓားနဲ့ထိုးသတ်လိုက်တယ်။ သတ်ပြီးတော့ ဓားကို  မီးဖိုခန်းထဲပြန်ထားပြီး သွေးတွေကို ရေဆေးခဲ့တယ်ဆိုပြီး ၀န်ခံထွက်ဆိုခဲ့တာပါ” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်အား လှော်ကားရဲစခန်းမှ (ပ)၄၅၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

July 31, 2018














Copy Protected by Chetan's WP-Copyprotect.