အောင်မြေသာစံမြို့နယ်တွင် ဖြစ်ပွားသည့် လူသတ်မှုမှာ တိုက်ခန်းအရောင်းဝယ်ပြုမည်ဟု ဟန်ဆောင်ကာ လက်ဝတ်လက်စားများ ယူဆောင်သတ်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ သုံးဦးလုံးကို ဖမ်းဆီးရမိ

အောင်မြေသာစံမြို့နယ်တွင် ဖြစ်ပွားသည့် လူသတ်မှုမှာ တိုက်ခန်းအရောင်းဝယ်ပြုမည်ဟု ဟန်ဆောင်ကာ လက်ဝတ်လက်စားများ ယူဆောင်သတ်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ သုံးဦးလုံးကို ဖမ်းဆီးရမိ
Published 29 July 2018

သားအမိနှစ်ဦးအနက် သမီးဖြစ်သူ ထိုးသွင်းဒဏ်ရာဖြင့် သတ်ဖြတ်ခံခဲ့ရသည့် ခြောက်ထပ်တိုက်အား တွေ့ရစဉ် (ဓာတ်ပုံ - မင်းမင်းစိုး)

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၈၁ လမ်း၊၂၄လမ်းနှင့်၂၅ လမ်းကြားရှိ ခြောက်လွှာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှာ တိုက်ခန်းအရောင်းဝယ်ပြုမည့် ဟန်ဆောင်ကာ လက်ဝတ်လက်စားများ ယူဆောင် သတ်ခဲ့ခြင်းဖြစ်ကာ ကျူးလွန်သူ သုံးဦးလုံးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ကျူးလွန်သူ သုံးဦးလုံးကို ဖမ်းဆီးရမိပါပြီ။ တိုက်ခန်းအရောင်းအဝယ်ကို အကြောင်းပြုပြီး  လုယက်လူသတ်မှု ကျူးလွန်ခဲ့ကြတာပါ။ သေဆုံးသူရဲ့တိုက်ခန်းကို ဝယ်မယ့်သူဟန်ဆောင်ပြီး လက်ဝတ်လက်စားတွေယူ လူသတ်ခဲ့ကြတာပါ။ သက်သေခံဓားရော၊ ပစ္စည်းတွေရော သိမ်းဆည်းရမိပါပြီ” ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။

လူသတ်မှု ကျူးလွန်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သူ ချစ်ကောင်း (ခ) ကောင်းခန့်ကို မဟာအောင်မြေ မြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ပြီး လူသတ်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ အမျိုးသမီးဖြစ်သူ မသီတာဦးတို့ကို ဇူလိုင် ၂၇ ရက် နံနက်က စောပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး အဓိက တရားခံဟု ယူဆရသည့် သန်းထွန်း (၅၃ နှစ်)ကို ဇူလိုင် ၂၇ ရက် ည ၁၀ နာရီခွဲခန့်က ၁၂ လမ်းနှင့် ၇၃ လမ်းထောင့်တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ မအေးမိဇော် (၂၈ နှစ်) နှင့်အတူ မိခင်ဖြစ်သူ ဒေါ်ဥမ္မာကျော် (၇၃ နှစ်) တို့ အတူနေထိုင်သည့် အဆိုပါ ၈၁ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ တိုက်ခန်းခြောက်လွှာတွင် ဇူလိုင်၂၆ ရက် ညနေ ၆ နာရီခန့်က လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအခန်းတွင် နေထိုင်သည့် ကလေးငယ် ကျူရှင်မှ ပြန်လာစဉ် တိုက်ခန်းတံခါး ဖွင့်မရသဖြင့် ဘေးတိုက်ခန်းများသို့ အကူညီတောင်းခဲ့ကြောင်း၊ တံခါးအား ဖွင့်မရသဖြင့် ရပ်ကွက်လူကြီးထံသို့ အကြောင်းကြားကာ တံခါးဖျက်ဆီးပြီး ဝင်ရောက်ခဲ့ရာ သားမိနှစ်ဦးအနက် မိခင်မှာ တံခါးဝထိပ်တွင် စောင်များ၊ ခေါင်းအုံးများဖြင့် အသက်ရှူရပ်အောင် လုပ်ထားသော်လည်း အသက်ရှင်လျက် ရှိနေခဲ့ပြီး သမီးဖြစ်သူမှာမူ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက် လူကြီးထံမှ သိရသည်။

သေဆုံးသူ အမျိုးသမီးသည် အရောင်းအဝယ် လုပ်ကိုင်သူဖြစ်ကြောင်း သိရပြီး ယင်းအခန်းသို့ လင်မယားနှစ်ယောက် လာလေ့ရှိကြောင်း၊ လက်ဝတ်လက်စား ၁၅ မျိုးကို ယူဆောင်သွားခဲ့ကြောင်း သိရပြီး  သေဆုံးသူ အမျိုးသမီး၏ လက်ကိုင်ဖုန်းမှ ခေါ်ဆိုထားသော ဖုန်းများမှတစ်ဆင့် ခြေရာခံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ လူသတ်မှုကို အောင်မြေသာစံ မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ဦးမောင်မောင်အေးက တရားလိုပြုလုပ် အမှုဖွင့်ထားကြောင်း သိရသည်။

 

Most Read

Most Recent