ငွေအပ်နှံထားသူ၏ ဘဏ်အကောင့်ထဲမှ ကျပ်သိန်း ၅၀၀ ကျော်ကို Mobile Banking အသုံးပြု၍ ထုတ်ယူသုံးစွဲထားသည် ဟုဆိုသော KBZ ဘဏ်ဝန်ထမ်းအား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်

ငွေအပ်နှံထားသူ၏ ဘဏ်အကောင့်ထဲမှ ကျပ်သိန်း ၅၀၀ ကျော်ကို Mobile Banking အသုံးပြု၍ ထုတ်ယူသုံးစွဲထားသည် ဟုဆိုသော KBZ ဘဏ်ဝန်ထမ်းအား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
Published 25 July 2018

ငွေလာရောက် အပ်နှံသည့် အမျိုးသမီး၏ ဘဏ်အကောင့်ထဲမှ ကျပ်သိန်း ၅၀၀ ကျော်ကို Mobile Banking အားအသုံးပြုပြီး ထုတ်ယူသုံးစွဲထားသည် ဟုဆိုသော ဘဏ်ဝန်ထမ်း အမျိုးသမီးအား ရန်ကင်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မြောက်ဒဂုံမြို့နယ်နေ ကမ္ဘောဇဘဏ် တောင်ဥက္ကလာပ (သစ္စာလမ်းဘဏ်ခွဲ) မှ ဘဏ်မန်နေဂျာ ဖြစ်သူသည် ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီခွဲခန့်က ကမ္ဘောဇဘဏ် (ရန်ကင်းဘဏ်ခွဲ) မှ မန်နေဂျာဖြစ်သူ ဒေါ်....(၄၅ နှစ်) ဆိုသူအား ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းတို့သစ္စာလမ်းဘဏ်ခွဲတွင် ငွေလွှဲလာရောက် ထုတ်ယူသော ရန်ကင်းမြို့နယ်နေ ဒေါ်.... (၆၆ နှစ်) ၏ ဘဏ်စာအုပ်ရှိ ဘဏ်အကောင့်ထဲသို့ ငွေများဖြည့်သွင်းရာတွင် ငွေပမာဏ ကွာခြားနေကြောင်း အကြောင်းကြားသဖြင့် ဒေါ်.... (၄၅ နှစ်) က ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများထံ သတင်းပို့ ဆက်သွယ်ပြီး ဒေါ်.... (၆၆ နှစ်) ၏ အကောင့်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့ရာ အဆိုပါ ဘဏ်အကောင့်ထဲမှ ငွေများကို ထုတ်ယူနေသည့် အကောင့်မှာ အကောင့်အမှတ် ----- ဖြစ်ကြောင်းနှင့် အဆိုပါ အကောင့်၏ ပိုင်ရှင်ဖြစ်သူမှာ ကမ္ဘောဇဘဏ် (ရန်ကင်းဘဏ်ခွဲ) တွင် အကြီးတန်း လက်ထောက်အဖြစ် တာဝန်ခန့်အပ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်နေ မဝင်းလဲ့အိဖြူ (၃၀ နှစ်) ဆိုသူဖြစ်ပြီး Mobile Banking  ဖြင့် ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု၍ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ စတင်ပြီး ၂၀၁၈ ခုနှစ် မေ ၂၉ ရက်အထိ အကြိမ်ရေ ၃၅ ကြိမ်၊ စုစုပေါင်း ငွေကျပ် ၅၂၅ သိန်းအား ထုတ်ယူထားသည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ရှိခဲ့ရသဖြင့် ငွေများထုတ်ယူပြီး အလွဲသုံးစား ပြုလုပ်သူ မဝင်းလဲ့အိဖြူအား ဒေါ်.... (၄၅ နှစ်) မှ တရားလိုပြုလုပ်ကာ သက်ဆိုင်ရာ ရန်ကင်းမြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ)၂၉၈/၂၀၁၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရန်ကင်းမြို့မရဲစခန်းသို့ ဇူလိုင် ၂၄ ရက် ညနေပိုင်းက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်း မရှိပေ။

 

Most Read

Most Recent