ထန်းတပင်မြို့နယ်တွင် ပဉ္စမတန်းကျောင်းသူအား အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည်ဟုဆိုသည့် ပထွေးဖြစ်သူအား ဖမ်းဆီး

ထန်းတပင်မြို့နယ်တွင် ပဉ္စမတန်းကျောင်းသူအား အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည်ဟုဆိုသည့် ပထွေးဖြစ်သူအား ဖမ်းဆီး
Published 22 July 2018

ထန်းတပင်မြို့နယ်တွင် ပဉ္စမတန်းအရွယ်ကျောင်းသူအား အကြိမ်ကြိမ်သားမယား ပြုကျင့်ခဲ့သည်ဟုဆိုသည့် ပထွေးဖြစ်သူအား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၂၁ ရက်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းသို့ သားမယားပြုကျင့်ခဲ့သည်ဟုဆိုသူ မျိုးအောင် (၃၆ နှစ်) အား  ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် အလန်းအုပ်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

ဖမ်းဆီးရမိသူမှာ ထန်းတပင်မြို့နယ် ပန်တိုင်ကျေးရွာ၌ ငါးကန်အလုပ်သမားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းမှာ မယား ပါသမီးဖြစ်သူ ငါးတန်းကျောင်းသူအား  လွန်ခဲ့သည့်လေးလခန့်မှစ၍ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့ကြောင်း၊ လူကြီးများအား ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့ကြောင်း၊ ဇူလိုင် ဒုတိယ အပတ်တွင်  ငါးတန်းကျောင်းသူအား ၎င်း၏ မိခင်ဖြစ်သူက မေးမြန်းရာမှ အဓမ္မပြုကျင့်မှုမှာ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း တရားလို၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

“ပထွေးကကျင့်တယ်လို့ သိရပါတယ်။လွန်ခဲ့တဲ့ လေးလခန့်ကစပြီးတော့ အကြိမ်ကြိမ် သားမယားပြုကျင့်တယ်လို့ သိရပါ တယ်။ သားမယားပြုကျင့်ခံရတယ်လို့သိပြီး ဇူလိုင် ၁၁ ရက်နေ့မှာ ကလေးရဲ့ မိခင်က သူ့သမီးကိုခေါ်ပြီး သူတို့ အရင်ကနေခဲ့တဲ့ မအူပင်မြို့နယ်က အလန်းအုပ်ကျေးရွာကို ပြန်လာတယ်။ ပြီးတော့ အဲဒီက ရာအိမ်မှူးကို အကူအညီတောင်းပြီး သက်ဆိုင်ရာ တက်သစ်နယ်မြေရဲစခန်းမှာ ဇူလိုင် ၁၂ ရက်မှာ အမှုသွားဖွင့်တယ်။ အမှုဖွင့်တဲ့ရက်မှာပဲ မျိုးအောင်က ထွက်ပြေးတိမ်းရှောင်တယ်။ပြီးတော့ မျိုးအောင်က သူ့မိဘတွေနေတဲ့ မအူပင်မြို့က အလန်းအုပ်ကျေးရွာကို ပြန်အလာမှာ မလက်တိုရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၉ ရက်မှာ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ အခုတော့ သူ့ကို ရမန်ယူ စစ်ဆေးနေပါတယ်။ ကလေးကိုလည်း ဆေးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်”ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သားမယားပြုကျင့်ခံရသည့် မိန်းကလေး၏ မိခင်ဖြစ်သူမှာ နောက်အိမ်ထောင်ဖြစ်သူ မျိုးအောင် (၃၆ နှစ်) နှင့်အတူ ထန်းတပင်မြို့ ပန်တိုင်ကျေးရွာ၌ မိသားစုလိုက် ငါးကန်စောင့် လုပ်ငန်းအား လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း တရားလို၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

ဖြစ်စဉ်မှ သားမယားပြုကျင့်သည်ဟု ဆိုသည့် မျိုးအောင် (၃၆ နှစ်) အား တက်သစ်နယ်မြေရဲစခန်းမှ (ပ)၂၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent