အငှားယာဉ်မောင်းအား ကျဉ်စက်ဖြင့်တို့ပြီး ယာဉ်ကို လုယူမောင်းနှင်သွားသူ သုံးဦးအား ဖမ်းဆီး

အငှားယာဉ်မောင်းအား ကျဉ်စက်ဖြင့်တို့ပြီး ယာဉ်ကို လုယူမောင်းနှင်သွားသူ သုံးဦးအား ဖမ်းဆီး
Published 15 July 2018

မင်္ဂလာဒုံမြို့နယ်တွင် အငှားယာဉ်မောင်းအား ကျဉ်စက်ဖြင့်တို့ပြီး ယာဉ်အား လုယူမောင်းနှင်သွားသူ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၁၄ ရက်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခန့်တွင် အငှားယာဉ်မောင်းဖြစ်သူ ကို..... သည် ၎င်းမောင်းနှင်သည့် ယာဉ်အား အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံ မီးပွိုင့်တွင် ရပ်တန့်နေစဉ် အမည်မသိ အမျိုးသားသုံးဦးက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံ၊ စကိတ်ကွင်းသို့ ငွေကျပ် ၅၀၀၀ ဖြင့် ငှားရမ်းသဖြင့် လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံပို့ဆောင်စဉ် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ဝါယာလက်ဈေး အကျော်တွင် တစ်ယောက်ဆင်းမည်ဟု ပြောသဖြင့် ယာဉ်အား ရပ်တန့်စဉ် ရှေ့ခန်း၌ ထိုင်နေသည့် အမျိုးသားတစ်ဦးမှ အငှားယာဉ်မောင်း ကို.... ၏ လက်မောင်းအား ချုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ယာဉ်၏ အနောက်ခန်းတွင် ထိုင်နေသည့် အမျိုးသားတစ်ဦးက ကျဉ်စက်ဖြင့် ကို....၏ လည်ပင်း၊ ကျောကုန်းနှင့် ခါးတို့အား တို့ခဲ့ပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ကျဉ်စက်ဖြင့် တို့ခံရပြီး ဝိုင်းဝန်းထိုးကြိတ် ခံရသဖြင့် ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ရကြောင်း၊ ထို့နောက် အငှားယာဉ်အား အဆိုပါ အမျိုးသားသုံးဦးမှ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။ ယာဉ်အား လုယူသွားသူ သုံးဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ အခင်းဖြစ်ပွားသည့် ည ၉ နာရီခွဲခန့် တွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံ မီးပွိုင့်၌ အမျိုးသားသုံးဦးအား ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အခြားပြစ်မှုများ ရှိ မရှိ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

 

Most Recent