ဆိုင်ကယ်အသုံးပြု၍ အမျိုးသမီးများထံမှ ရွှေထည်ပစ္စည်းများ လိုက်လံလုယက်နေသူတစ်ဦးအား ထန်းတပင်မြို့နယ်တွင် ဖမ်းဆီးရမိ

ဆိုင်ကယ်အသုံးပြု၍ အမျိုးသမီးများထံမှ ရွှေထည်ပစ္စည်းများ လိုက်လံလုယက်နေသူတစ်ဦးအား ထန်းတပင်မြို့နယ်တွင် ဖမ်းဆီးရမိ
Published 13 July 2018

ရန်ကုန်မြို့အတွင်း ဆိုင်ကယ်ကို အသုံးပြု၍ အမျိုးသမီးများထံမှ ရွှေထည်ပစ္စည်းများ လိုက်လံလုယက်နေသူတစ်ဦးအား ထန်းတပင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူမှာ ထန်းတပင်မြို့နယ်နေ မျိုးကိုကိုဦး (ခ) မျိုးကိုဆိုသူဖြစ်ပြီး ၎င်းကို ဇူလိုင် ၄ ရက် နံနက် ၉ နာရီခန့်က ၎င်းနေထိုင်ရာ ထန်းတပင်မြို့နယ် ရိုးလေးကွက်သစ်ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက လှိုင်မြို့နယ်ထဲမှာ လုယက်မှုတစ်ခုကျူးလွန်လို့ ပိတောက်ချောင်းရဲစခန်းကနေ ပုဒ်မ ၃၈၂/၅၄ နဲ့ အမှုဖွင့်ခံထားရတဲ့လူပါ။ အဲဒါကြောင့် သူ့ကိုဖမ်းဆီးပြီး စစ်ဆေးခဲ့တာမှာ နောက်ထပ်လုယက်မှုတွေ ထပ်ပေါ်တာ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသူ မျိုးကိုကိုဦးအား စစ်ဆေးရာ ၎င်းသည် ကျော်ဇင်ဦး (စုံစမ်းဆဲ) နှင့် ဖြူဖွေး (စုံစမ်းဆဲ) ဆိုသူတို့နှင့်အတူ ၂၀၁၇ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လများအတွင်းက ဆိုင်ကယ်တစ်စီးကို သုံးယောက်အတူစီးကာ လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်အတွင်း လမ်းလျှောက်နေသူ အသက် ၂၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကိုလည်းကောင်း၊ အင်းစိန်မြို့နယ် တညင်းကုန်းဈေး ဘူတာလမ်းမပေါ်တွင် လမ်းလျှောက်နေသော အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီက လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာ တပင်ရွှေထီးလမ်းပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကိုလည်းကောင်း လုယက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မျိုးကိုကိုဦးသည် ပိတောက်ချောင်း နယ်မြေရဲစခန်းက လက်ရှိအချိန်တွင် ဖမ်းဆီးထားသူ မြင့်လွင် (ခ) ပိုးကောင်၊ ရှိုင်းထက်အောင် (စုံစမ်းဆဲ) တို့နှင့်အတူ မေနှင့် ဇွန်လများအတွင်းက လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာ ငမန်းတံတားအဆင်း တပင်ရွှေထီးလမ်းပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်၊ ဗဟိုလမ်းရှိ ဈေးဘူတာအနီးလမ်းပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကို လည်းကောင်း၊ လှိုင်မြို့နယ် အမှတ် (၁၆) ရပ်ကွက် ပါရမီလမ်းမပေါ်တွင် လမ်းလျှောက်နေသူ အသက် ၄၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကိုလည်းကောင်း လုယက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါ်ပေါက်ချက်များအရ မျိုးကိုကိုဦးကို လှိုင်သာယာ အင်းစိန် လှိုင်မြို့မရဲစခန်းများနှင့် ဘုရင့်နောင်နယ်မြေ ရဲစခန်းတို့တွင် အမှုများ အသီးသီး ရေးဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး လွတ်မြောက်နေသူများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent