အောင်လံမြို့ အထက (၃) ရွာထောင်အထက်တန်းကျောင်းတွင် နဝမတန်းကျောင်းသားချင်း စနောက်ရာမှတစ်ဆင့် ဓားထိုးမှုဖြစ်ပွား

အောင်လံမြို့ အထက (၃) ရွာထောင်အထက်တန်းကျောင်းတွင် နဝမတန်းကျောင်းသားချင်း စနောက်ရာမှတစ်ဆင့် ဓားထိုးမှုဖြစ်ပွား
Published 10 July 2018

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့ အထက (၃) ရွာထောင် အထက်တန်းကျောင်းတွင် နဝမတန်းကျောင်းသားချင်း စနောက်ရာမှတစ်ဆင့် ဓားထိုးမှု ဇူလိုင် ၉ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွာထောင်အထက်တန်းကျောင်း နဝမတန်း ဘောဂဗေဒ ဘာသာတွဲ သင်ကြားနေသည့် အခန်း (E) နေသူ ကျောင်းသားမောင် .... သည် တစ်ခန်းတည်း အတူနေကျောင်းသား မောင်...အား နေ့လည်ထမင်းစား ကျောင်းဆင်းချိန်တွင် နောက်ပြောင်ပြီး ဦးခေါင်းအား လက်သီးဖြင့် နှစ်ချက်ထုခဲ့ကြောင်း ရဲစခန်း တိုင်တန်းချက်များအရ သိရသည်။

ယင်းသို့ လက်သီးဖြင့် နှစ်ချက်ထုခဲ့သဖြင့် မောင်....မှ မကျေမနပ်ဖြစ်ကာ ကျောင်းပြန်တတ်ချိန်တွင် ကိုးတန်းကျောင်းဆောင်နှင့် ၁၀ တန်းကျောင်းဆောင်ကြားတွင် မောင် . . . . အား အရိုးအသွား ခြောက်လက်မခွဲခန့်ရှိသည့် ဓားဖြင့်ထိုးခဲ့ကြောင်း အောင်လံမြို့မရဲစခန်း၏ အမှုဖွင့် တိုင်တန်းချက်များအရ သိရသည်။

ထို့ကြောင့် ဓားဖြင့်ထိုးခဲ့သည့် ကျောင်းသား မောင်....အား အရေးယူပေးရန် မောင်.... ၏ မိခင်မှ ရဲစခန်းတွင် လာရောက် တိုင်တန်းခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားချက်များအရ သိရသည်။

“ကလေးတွေက ၁၄ နှစ်၊ ၁၅ နှစ်အရွယ်တွေပါ။ စရင်းနောက်ရင်းကနေ အခုလို ဒေါသအလျောက် ဖြစ်သွားတာပေါ့။ ဓားနဲ့အထိုးခံရတဲ့ကလေး ဒဏ်ရာတွေ ကနဦးသတင်းတွေအရ မစိုးရိမ်ရပါဘူး။ လက်ရှိတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်” ဟု အောင်လံမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် ဓားဖြင့်ထိုးခဲ့သည့် ကျောင်းသားအား မိဘလက်သို့ အပ်နှံထားပြီး ရဲစခန်းမှ ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိဖြစ်ကြောင်း ရွာထောင်ကျောင်းအုပ်ဆရာကြီး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာထောင်ကျောင်းအုပ်ဆရာကြီးက “စရင်း နောက်ရင်းနဲ့ သွေထွက်သံယို ဖြစ်သွားတာပါ။ ခံရတဲ့ ကလေးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံနေရပါတယ်။ သွေးထွက်သံယိုဖြစ်အောင် လုပ်တဲ့ ကလေးကိုတော့ ကျောင်းကနေ မိဘလက်ထဲကို အပ်လိုက်ပါတယ်။ အခုစခန်းထဲမှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်” ဟုပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အောင်လံမြို့နယ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Most Read