နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုသည်ဟု ဆိုကာ တရားစွဲဆိုခံရသည့် စည်ပင်ဝန်ထမ်း၏ ဇနီးအား ဒဏ်ငွေ ကျပ်ငါးသောင်း ချမှတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုသည်ဟု ဆိုကာ တရားစွဲဆိုခံရသည့် စည်ပင်ဝန်ထမ်း၏ ဇနီးအား ဒဏ်ငွေ ကျပ်ငါးသောင်း ချမှတ်
Published 6 July 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုမှုဖြင့် ပြည်ရန်ကျော်ဈေးမှ စည်ပင်ဝန်ထမ်း၏ ဇနီးအား ဒဏ်ငွေကျပ် ငါးသောင်း ပေးဆောင်စေရန် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုခဲ့သည်ဟုဆိုကာ ပြည်ရန်ကျော်ဈေးမှ စည်ပင်ဝန်ထမ်းနှင့် ဇနီးဖြစ်သူအား ဆဲဆိုခြိမ်းခြောက်မှုဖြင့် ဦးစိုးဦးက တရားလိုပြုလုပ် တရားစွဲဆိုရာ စည်ပင်ဝန်ထမ်း အမျိုးသားကို တရားသေလွှတ်ကာ ဇနီးဖြစ်သူအား ဒဏ်ငွေကျပ် ငါးသောင်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော မြေယာ အငြင်းပွားမှုဖြစ်စဉ်တွင် မြေပိုင်ဆိုင်သူနှင့် ဈေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည့် စည်ပင်ဝန်ထမ်းဖြစ်သူ ဦးလက်ယာနှင့် ၎င်း၏ ဇနီးက လာရောက် တားဆီးရာမှ ဆဲဆိုခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်နှင့် တစ်ဆက်တည်း ဖြစ်သော မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနှင့်ပတ်သက်၍ ဦးစိုးဦးကို ပိုင်နက် ကျူးကျော်မှုဖြင့် စည်ပင်သာယာက တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် နှစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ ပိုင်ဆိုင်သည့် မြေပေါ်တွင် အဆောက်အအုံတစ်ခု တည်ဆောက်ခဲ့ရာ ဈေးတာဝန်ခံနှင့် အမျိုးသမီးက လာရောက်ပြီး မဆောက်လုပ်ရန် တားမြစ်သဖြင့် အဆိုပါ မြေသည် မိမိတို့ ပိုင်ဆိုင်ကြောင်း၊ စည်ပင်မှလည်း စစ်ဆေးနေကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် နိုင်ငံတော် သမ္မတရုံးကို စာတင်ထားသည့်အကြောင်း ရှင်းပြရာ “ဘယ်.....မှ ဂရုမစိုက်ဘူး။ ဘယ်...... မှ ဂရုမစိုက်ဘူး” ဆိုပြီး ဆဲဆိုသဖြင့် တိုင်တန်းရခြင်း ဖြစ်သည်ဟု တရားလိုဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။

“စည်ပင်ဝန်ထမ်းဖြစ်သူ ဦးလက်ယာကိုတော့ တာဝန်အရ အထက်အရာရှိရဲ့ ခိုင်းစေမှုကြောင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သလို တရားခံဘက်က အသံဖိုင်တင်သွင်းချက်ကို လက်ခံခဲ့ပါတယ်။ အဲဒီအသံဖိုင်အရ စည်ပင်ဝန်ထမ်းက ဆဲဆိုနေသံ မပါဘူး။ ဒါကြောင့် တရားသေ လွှတ်လိုက်တယ်။ အမျိုးသမီးဖြစ်သူကတော့ ဆဲဆိုရုံပဲဖြစ်ပြီး ခြိမ်းခြောက်တာ မပါလို့ ဒဏ်ငွေ ငါးသောင်း ချမှတ်လိုက်ပါတယ်။ တရားလိုဘက်က ပြင်ဆင်တက်သွားမယ်လို့ သိရပါတယ်”ဟု တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးမျိုးမင်းဇော်က ပြောကြား သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုခဲ့သည့် ဈေးတာဝန်ခံနှင့် ဇနီးဖြစ်သူအား ဆဲဆိုမှု ရာဇသတ်ကြီးပုဒ်မ ၂၉၄ နှင့် ခြိမ်းခြောက်မှု ၅၀၆ တို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် စတင်တရားစွဲဆို စစ်ဆေးခဲ့ဲပြီး ယခုနှစ် ဇူလိုင် ၅ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent