ဒဂုံမြို့သစ်တောင်ပိုင်းတွင် ၁၁ နှစ်အရွယ်ကလေး၏ ဝမ်းဗိုက်အတွင်း အလုံးရှိ၍ ဆေးကုပေးမည်ဟုပြောပြီး လိင်တူဆက်ဆံခဲ့သည့် အမျိုးသားအား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ဒဂုံမြို့သစ်တောင်ပိုင်းတွင် ၁၁ နှစ်အရွယ်ကလေး၏ ဝမ်းဗိုက်အတွင်း အလုံးရှိ၍ ဆေးကုပေးမည်ဟုပြောပြီး လိင်တူဆက်ဆံခဲ့သည့် အမျိုးသားအား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်
Published 4 July 2018

၁၁ နှစ်အရွယ်ကလေး၏ ဗိုက်အတွင်း အလုံးရှိ၍ ဆေးကုပေးမည်ဟုပြောပြီး လိင်တူဆက်ဆံခဲ့သည့် အမျိုးသားအား အရှေ့ပိုင်းခရိုင် တရားရုံး၌ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ဓာတ်ရိုက်ဓာတ်ဆင်ဆရာဆိုသူ အောင်မင်းစိန် (၆၁ နှစ်) အား  အမှုစစ်ဆေး ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ အရ ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန် ဇူလိုင် ၂ ရက်က အရှေ့ပိုင်းခရိုင် တရားရုံး၌ အမိန့်ချခဲ့သည်။

ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၃ ရက်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လေးထောင့်ကန် ရပ်ကွက်တွင် နေထိုင်သော တရားလိုသည် ဇနီးဖြစ်သူ နေအိမ်မှ ဆင်းသွားသဖြင့် အိမ်ပေါ်သို့ ပြန်လည်ရောက်ရှိရန်အတွက် ခင်မင်ရင်းနှီးသူ တစ်ဦးကို အကူအညီတောင်း၍ ဓာတ်ရိုက်ဓာတ်ဆင် ဆရာတစ်ဦး ရှာခိုင်းခဲ့ကြောင်း၊ ဓာတ်ရိုက်ဓာတ်ဆင်ဆရာ ဆိုသူအား ရပ်ကွက်ထဲနေ ဒေါ်....၏ နေအိမ်တွင်ရှိကြောင်း သိရသဖြင့် သွားရောက်ပင့်ကာ တရားလို နေအိမ်သို့ ခေါ်ဆောင်ခဲ့ပြီးနောက် ဆရာဆိုသူ ဦးအောင်မင်းစိန်က တရားလို၏ သားဖြစ်သူ ၁၁ နှစ်အရွယ် မောင် . . . . ခြောက်တန်း ကျောင်းသား၏ ဗိုက်ကိုကိုင်၍ ဗိုက်အတွင်း၌ အလုံးရှိကြောင်း၊ ၎င်းနှင့်အတူ တစ်ည ဆေးကုသရမည်ဟု ပြောသဖြင့် သားဖြစ်သူကို ယင်းနေ့ ည ၉ နာရီအချိန်တွင် ဓာတ်ရိုက်ဓာတ်ဆင်ဆရာ ဆိုသူ ဦးအောင်မင်းစိန် နေထိုင်သည့် လေးထောင့်ကန်ရပ်ကွက် နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ည ၁၁ နာရီ အချိန်ခန့်တွင် သားဖြစ်သူက ငိုပြီးပြန်လာသဖြင့် တရားလိုဖခင်က မေးမြန်ရာ ဦးအောင်မင်းစိန်က အတူအိပ်ကာ လိင်တူဆက်ဆံလိုက်ကြောင်း ပြောပြသဖြင့် ဥပဒေအရ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အောင်မင်းစိန် (၆၁ နှစ်) အား ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းက (ပ)၁၄၃၀/၂၀၁၇၊ ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ခဲ့ပြီး အရှေ့ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆို စစ်ဆေးခဲ့ကြောင်း သိရသည်။