ရွှေပြည်သာကွေ့အနီးတွင် အမျိုးသမီး တစ်ဦးအား ဓားဖြင့်ထောက်ပြီး ဓားစာခံလုပ်သည့် အမျိုးသားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ရွှေပြည်သာကွေ့အနီးတွင် အမျိုးသမီး တစ်ဦးအား ဓားဖြင့်ထောက်ပြီး ဓားစာခံလုပ်သည့် အမျိုးသားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
Published 1 July 2018

ပြစ်မှုကျူးလွန်သူ၏ သေနတ်ဒဏ်ရာနှင့် ၎င်းအသုံးပြုခဲ့သည့် ဓားအား တွေ့ရစဉ် (Photo : Yangon Police)

ရွှေပြည်သာကွေ့အနီး အမျိုးသမီး တစ်ဦးအား ဓားဖြင့်ထောက်ကာ ဓားစာခံလုပ်သည့် အမျိုးသားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှု ဇွန် ၃၀ ရက် မွန်းတည့် ၁၂ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၃၀ မွန်းတည့် ၁၂ နာရီက ရွှေပြည်သာမြို့နယ် အမှတ် (၂) ရပ်ကွက် အမှတ် ၄ လမ်းမကြီး ရွှေပြည်သာကွေ့အနီးတွင် ရွှေပြည်သာမြို့မရဲစခန်းမှ ဆိုင်ကယ်မီးတန်းအဖွဲ့မှ လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် အဆိုပါနေရာ၌ သုံးယောက်စီးလာသော ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်ခိုင်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်တွင်ပါလာသူ သုံးဦးအနက် နှစ်ဦးမှာ မောင်းနှင်ထွက်ပြေးသွားပြီး ဝင်းထွန်းနိုင် ဆိုသူသည် ဆိုင်ကယ်ပေါ်မှ ဆင်းကျန်ခဲ့ပြီး အမှတ် ၂ ရပ်ကွက် ဒေါင်းမင်းလမ်းမပေါ်တွင် အရိုးအသွား ၂၁ လက်မခန့်ရှိ ဓားဦးချွန်ဓားအရှည်အား ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးက လိုက်လံဖမ်းဆီးစဉ် အဖမ်းမခံဘဲ ထွက်ပြေးခဲ့ကြောင်း သိရသည်။

“အဲဒီလူက ဓားကိုင်ပြီး ရွှေပြည်သာကွေ့ကနေ အမှတ်၂ ရပ်ကွက်ထဲ ပြေးလာတာ။ နောက်က ရဲတွေက လိုက်ဖမ်းတယ်။ သူက အဖမ်းမခံဘဲ ရပ်ကွက်ထဲက ကွင်းထဲပတ်ပြေးနေတာ။ ပြီးတော့ လမ်းလျှောက်လာတဲ့ ကောင်မလေး လည်ပင်းကို ဓားနဲ့ထောက်ပြီး ဓားစာခံ လုပ်ထားတယ်။ ပြီးတော့ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်ပေါ် တက်သေးတယ်။ နောက်တော့ ရဲတပ်ဖွဲ့က သေနတ်နဲ့ တစ်ချက်ပစ်လိုက်တာ၊ အဲဒီလူ ဝမ်းဗိုက် သေနတ်မှန်သွားတယ်။ ဖြစ်တာက နာရီဝက်လောက် ဖြစ်သွားတယ်။ ကောင်မလေးတော့ ထိခိုက်မိတာတွေ ဘာတွေမရှိပါဘူး။ လန့်သွားတာလောက်ပဲ ရှိပါတယ်” ဟု အဆိုပါ ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူ ကိုသိန်းစိုးက ပြောကြားသည်။

ထို့နောက် ဒေါင်းမင်းလမ်းအတိုင်း လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦး၏ လည်ပင်းအား ဓားဖြင့်ချိန်၍ ဓားစာခံလုပ်ပြီး လမ်းဘေးရပ်ထားသော JLM အမျိုးအစား အနီရောင်ဆိုင်ကယ်အား လုယူထွက်ပြေးသဖြင့် လှည့်ကင်းအဖွဲ့မှ ဓားချရန်နှင့် အမျိုးသမီးအား လွှတ်ပေးရန်ပြောရာ လက်မခံဘဲ ဓားဖြင့်ခုတ်ရန်ပြုသဖြင့် ရဲတပ်ဖွ့ဲမှ MA-13 သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဝင်းထွန်းနိုင်၏ခါးတွင် သေနတ်ဒဏ်ရာ တစ်ချက်နှင့် ရှေ့ဝမ်းဗိုက်တွင် ဒဏ်ရာတစ်ချက်ရရှိပြီး အင်းစိန်ဆေးရုံသို့ ပို့အပ်ကာ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအား ရွှေပြည်သာ မြို့မရဲစခန်းမှ (ပ)၈၇၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၄/၃၈၂/၃၀၇/၃၅၃ ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent