မင်္ဂလာဒုံ စံချိန်တင် မူးယစ်ဆေးဝါး အမှုနှင့်ဆက်စပ်၍ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိန်းနှင့်ချီ ထပ်မံဖမ်းဆီးရမိသည့်ဖြစ်စဉ်မှ တရားစွဲခံရသူ ခုနစ်ဦးကို ထောင်ဒဏ် ၄၈ နှစ်ချမှတ်ခဲ့ပြီး ကျန်သူများကိုလည်း နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်

မင်္ဂလာဒုံ စံချိန်တင် မူးယစ်ဆေးဝါး အမှုနှင့်ဆက်စပ်၍ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိန်းနှင့်ချီ ထပ်မံဖမ်းဆီးရမိသည့်ဖြစ်စဉ်မှ တရားစွဲခံရသူ ခုနစ်ဦးကို ထောင်ဒဏ် ၄၈ နှစ်ချမှတ်ခဲ့ပြီး ကျန်သူများကိုလည်း နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်
Published 22 June 2018

ကမ္ဘာ့ဒုတိယအများဆုံး စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် မင်္ဂလာဒုံ မူးယစ်ဆေးဝါး အမှုနှင့်ဆက်စပ်၍ မြောက်ဒဂုံနှင့် အရှေ့ဒဂုံတို့တွင် မူးယစ်ဆေးဝါး သိန်းနှင့်ချီ၍ ထပ်မံဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်များမှ တရားစွဲခံရသူများအား နှစ်ရှည်ထောင်ဒဏ် အသီးသီး ကျခံစေရန် အရှေ့ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၁၁၉ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြား ၃၈ သိန်းကျော်နှင့် ICE များကို ဖမ်းဆီးရမိခဲ့ပြီး ယင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှလည်း မူးယစ်ဆေးပြား ၁၉ ဒသမ ၂၃ ကျော်နှင့် ဖန်ဆီဒိုင်းပုလင်းများ၊ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ဒဂုံမြောက်မြို့နယ်တွင်လည်း WY စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၅ သိန်းကျော်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုမှ ပါဝင်သူများကို ရဲမှူးနှစ်ဦးက တရားလိုပြုလုပ်ကာ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ပြီးနောက် ဇွန် ၂၀ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့အမိန့်ချမှတ်ရာ၌ WY စိတ်ကြွရူးသွပ်ဆေးပြား ၃၈ သိန်းကျော်နှင့် ICE များ ကိုဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်မှ သိန်းထွန်းအေးနှင့် အောင်တင်ဝင်းဆိုသူတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေပုဒ်မ ၂၀ (က) အရ ၂၀ နှစ်စီ၊ ထွန်းဇော်ဌေး၊ ထွန်းမင်း၊ ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ(ခ)စောဂျင်မီ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ မဝင်းခိုင်ငြိမ်း၊ မောင်ဝင်း (ခ) ကျော်ထူးတို့ ကိုးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၂၀(က)/၂၁ အရ ထောင်ဒဏ် ၁၆ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုမှ မရန်ယုံရှင်း(ခ) မချိုချိုဝင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ စွဲချက်မတင်မီ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပြား ၁၉ သိန်းကျော်အမှုနှင့် ပတ်သက်၍မူ ရန်ကုန်မူးယစ်တပ်ဖွဲ့မှ ရဲမှူးတစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး အဆိုပါအမှုမှ ခင်မောင်သန်း၊ မောင်ဝင်း၊ မဝင်းငြိမ်းခိုင်၊ သန်းရွှေ၊ ဇော်ဇော်မင်း၊ ထွန်းကျော်ဇံ၊ ရန်ရှောက်ဟွာ၊ ညွန့်ဝင်းတို့ ရှစ်ဦးအား ထောင်ဒဏ် ၁၆ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းအမှုတွင်လည်း မရန်ယုံရှင်း (ခ) မချိုချိုဝင်းမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၃ အရ စွဲချက်မတင်မီ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အလားတူ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် အမှုနှင့်ပတ်သက်၍ မဝင်းငြိမ်းခိုင် (ခ) ငြိမ်းငြိမ်းသန်းရွှေ (ခ) စောဂျင်မီ၊ ဇော်ဇော်မင်း၊ ထွန်းကျော်ဇံ (ခ) ဖိုးဇံ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ခင်မောင်သန်း၊ မောင်ဝင်းတို့ ရှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေပုဒ်မ ၂၀(က)/၂၁ အရ ထောင်ဒဏ် ၁၆ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ယင်းအမှုတွင်လည်း မရန်ယုံရှင်း (ခ) မချိုချိုဝင်းမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၃ အရ စွဲချက်မတင်မီ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ယင်းအမှုများအနက် ဖမ်းဆီးရမိသည့် တရားခံများကို ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဖမ်းဆီးရမိသည့်ဖြစ်စဉ်မှ တရားခံပြေး ၁၄ ဦး ကျန်ရှိနေသေးကြောင်း သိရပြီး ယင်းတို့အနက် ခင်မောင်သန်း (ခ) အာနိုးနှင့် မောင်ဝင်း (ခ) ကျော်ထူးတို့မှာ တရားခံပြေးစာရင်းတွင် ပါဝင်ကြောင်း သိရသည်။

အမိန့်ချမှတ်ခဲ့သည့် မှတ်တမ်းများအရ အဆိုပါ မူးယစ်ဆေးပြား ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်း ထောင်ဒဏ် ၄၈ နှစ် ချမှတ်ခံရသူ ခုနှစ်ဦးပါဝင်ကြောင်း သိရသည်။