<

နတ်မြစ်အတွင်း လှေတစ်စင်းတွင် ဘင်္ဂါလီသုံးဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ဖမ်းဆီးရမိ

နတ်မြစ်အတွင်း လှော်ခတ်နေသော လက်ခတ်လှေတစ်စင်းတွင် ဘင်္ဂါလီသုံးဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် နံနက် ၂ နာရီ ၂၅ မိနစ်တွင် မေယု(၂) စစ်ဆင်ရေးအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် နတ်မြစ်အတွင်း စံပယ်ပင်းရင်းချောင်း အနီးတွင် မာမတ်ဒူလာ၊ မာမတ်အီနူစ်နှင့် မာမွတ်မြာတို့သုံးဦးပါရှိသည့် လက်ခတ်လှေကို ရှာဖွေရာ လှေပေါ်၌ မူးယစ်ဆေးဝါးများ ပါရှိသည့် ဆာလာအိတ်တစ်အိတ် တွေ့ရှိထားကြောင်း ဖုန်းဖြင့်ဆက်သွယ်လာ၍ မူးယစ်တပ်ဖွဲ့စု (၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသော မာမတ်ဒူလာ(၆၇)နှစ်၊ မာမတ်အီနူစ်(၁၉)နှစ်နှင့် မာမွတ်မြာ(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက မာန်အောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မာန်အောင်မြို့နယ် ဘူးရေမျက်ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာနေ သိန်းမောင်(ခ)ချီးသငယ်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၊ ကျပ်ကိုးသိန်းနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိန်းမောင်(ခ) ချီးသငယ်(၃၅)နှစ်အား အရေးယူထားကြောင်း သိရသည်။

June 20, 2018














Copy Protected by Chetan's WP-Copyprotect.