<

လှည်းကူးမြို့နယ် ညောင်နှစ်ပင်ဇုန် (၃) အပိုင် ကန်ပေါင်လမ်းနံဘေးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

ဓာတ်ပုံ – ကရုဏာရှင်အသင်း-လှည်းကူးမြို့

လှည်းကူးမြို့ ညောင်နှစ်ပင်ဇုန် ၃ အပိုင် ကန်ဘောင်လမ်းဘေးတွင် ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတစ်လောင်းအား ဇွန် ၁၉ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း  သိရသည်။

ဇွန် ၁၉ ရက် နံနက် ၈ နာရီခန့်တွင် လှည်းကူးမြို့နယ် ညောင်နှစ်ပင်ဇုန် ၃ အပိုင် ကန်ဘောင်လမ်းဘေး တစ်နေရာ၌ အမျိုးသား တစ်ဦးသေဆုံးနေသဖြင့် အလောင်းအား ဆေး ရုံသို့ ပို့ဆောင်ပေးရန် ကရုဏာရှင်အသင်း (လှည်းကူးမြို့) သို့ မြို့နယ်ရဲတပ်ဖွဲ့မှ အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သေဆုံးနေတဲ့ အမျိုးသားအလောင်းကို ဆေးရုံပို့ပေးဖို့ မနက် ၈ နာရီလောက်မှာ ဖုန်းဆက်သွယ်ပါတယ်။ အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိတော့ သေဆုံးသူက အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးပါ။ သူ့မှာ ချွန်ထက်တဲ့ အရာနဲ့ ထိုးသွင်းခံထားရတဲ့ ဒဏ်ရာက တစ်ချက်မကပါဘူး။ သုံးလေးချက် လောက်ရှိမယ်” ဟု  သေဆုံးသည့် အလောင်းအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ကရုဏာရှင်အသင်း (လှည်းကူးမြို့) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အမျိုးသား၏ အလောင်းအား လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ လူသွားလူလာ နည်းပါးပြီး ညဘက်၌ လမ်းမီးများ ထွန်းထားခြင်း မရှိကြောင်း၊ အဆိုပါနေရာ အနီး၌ ကြက်ခြံနှင့် ရာဘာခြံအများစုရှိကြောင်း သိရသည်။

“လမ်းကတော့ လူတော်တော်ပြတ်တယ်။ ကျွန်တော်တို့အဖွဲ့က ကားတောင် တော်တော်ဝင်ရတယ်။ သေဆုံးနေတဲ့သူရဲ့ အလောင်းကို လမ်းဘေးချုံထဲမှာ တွေ့ရတာ။ အဲဒီနားမှာ ခြံရှိတယ်။ ခြံနားမှာ အရင်တုန်းက စိုက်ပျိုးရေးတွေ လာလုပ်ရင် သုံးတဲ့မြောင်းရှိတယ်။ မြောင်းထဲမှာ တွေ့တာ။ အလောင်းကို ခြံကလူက မှိုသွားခူးရင်းနဲ့ တွေ့တာလို့ သိရတယ်” ဟု ကရုဏာရှင်အသင်း (လှည်းကူးမြို့) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ စုံစမ်းနေဆဲပါ။ သေဆုံးတာက ထိုးသွင်းဒဏ်ရာနဲ့ပါ။ အခုတော့ အမှုဖွင့်ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်နေပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်အား ညောင်နှစ်ပင်နယ် မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

သီဟအောင်

June 19, 2018














Copy Protected by Chetan's WP-Copyprotect.