ဦးကိုနီ လုပ်ကြံခံရမှုနှင့် စပ်လျဉ်း၍ တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ထားခြင်းတွင် အောင်ဝင်းဇော် လက်နက်မှုမှ တရားရှင် လွတ်မြောက်ပြီး ဇေယျာဖြိုးကို စွဲချက်တင်ထားသည့် ပုဒ်မအချို့ အပြောင်းအလဲဖြစ်

ဦးကိုနီ လုပ်ကြံခံရမှုနှင့် စပ်လျဉ်း၍ တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ထားခြင်းတွင် အောင်ဝင်းဇော် လက်နက်မှုမှ တရားရှင် လွတ်မြောက်ပြီး ဇေယျာဖြိုးကို စွဲချက်တင်ထားသည့် ပုဒ်မအချို့ အပြောင်းအလဲဖြစ်
Published 19 June 2018

ဦးကိုနီ လုပ်ကြံခံရမှုနှင့် စပ်လျဉ်း၍ တရားလိုနှင့် စွပ်စွဲခံရသူများဘက်က ခရိုင်တရားရုံးမှ စွဲချက်တင်ထားသည့် အမိန့်များအပေါ် ကျေနပ်မှုမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားခြင်းအမှုကို ဇွန် ၁၈ ရက်တွင် ယင်းတရားရုံး ရုံးခန်းအမှတ် ၇ တွင် အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ရာ၌ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)ဖြင့် စွဲချက်တင်ထားသည့် အောင်ဝင်းဇော်မှာ ယင်းလက်နက်အမှုမှ တရားရှင် လွတ်မြောက်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင်ခံထားရသည့် ဇေယျာဖြိုးကို ၃၀၂(၁) (ခ) / ၁၀၉ ဖြင့် ပြောင်းလဲစစ်ဆေးရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့ကာ ကျန်သည့်အမှုများကိုမူ ပလပ်ခဲ့သည်။

“တစ်စုတစ်ဖွဲ့ကြီး စည်းဝေးပြီးတော့ မူလကတည်းက အကြံတူနဲ့လုပ်တာ။ အဲဒါ ၃၄ ပါ။ Plan တွေဆွဲပြီး လုပ်တာ။ အဲဒါမျိုးကို ခေါ်တာပေါ့။ ပြစ်ဒဏ်ကတော့ အတူတူပဲ။ ၁၀၉ နဲ့ ၃၄ နဲ့ပဲကွဲတာ။ ၁၀၉ က အခင်းဖြစ်ချိန်မှာ အနားမှာမရှိဘူး။ အားပေး ကူညီတာပေါ့။ ဒါပေမဲ့ အားပေးကူညီတာက အနားမှာ မရှိဘူး” ဟု ဇေယျာဖြိုး၏ အမှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ သတင်းပြန်ကြားရေး အရာရှိက ဖြေကြားသည်။

ပုဒ်မပြောင်းလဲ စွဲချက်တင်ခံရသည့် ဇေယျာဖြိုး၏ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် လျှောက်ထားသည့် ရာဇဝတ်ပြင်ဆင်မှု အမှတ်မှာ ၅၄(ခ)/ ၂၀၁၈ ဖြစ်ပြီး အောင်ဝင်းဇော် လွတ်မြောက်ခဲ့သည့် လက်နက်မှု အမှုအမှတ်မှာ ၆၄(ခ)/၂၀၁၈ ဖြစ်ကြောင်း ယင်းတရားရုံးမှ သိရသည်။

ထို့အပြင် ပလပ်ခံရသည့် အမှုများမှာ ဦးကိုနီ၏ ဇနီး ဒေါ်တင်အေးက ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ အပေါ် ခရိုင်တရားရုံးက ချမှတ်ထားသည့် အမိန့်များအပေါ် ကျေနပ်မှု မရှိသဖြင့် ပြစ်ဒဏ် တိုးမြှင့်ပေးရန် လျှောက်ထားသည့် ရာဇဝတ်ပြင်ဆင်မှုအမှတ် ၁၄၃(ခ)/၂၀၁၈၊ ဦးနေဝင်း၏ ဇနီး ဒေါ်စုသက်ခိုင်က ကြည်လင်းပါ လေးဦးကို ပြစ်ဒဏ်တိုးမြှင့် ချမှတ်ပေးရန် လျှောက်ထားသည့် ရာဇဝတ်ပြင်ဆင်မှု အမှတ် ၅၇(ခ) / ၂၀၁၈၊ ကြည်လင်းက ၎င်းအပေါ် ခရိုင်တရားရုံးက ချမှတ်ထားသည့် စွဲချက်များအပေါ် မကျေနပ်သဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသည့် ရာဇဝတ်ပြင်ဆင်အမှုအမှတ် ၆၁(ခ)/ ၂၀၁၈ တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောင်ဝင်းဇော်က ၎င်းအပေါ် လူသတ်ရာတွင် ပူးပေါင်းပါဝင်မှုဖြင့် ခရိုင်တရားရုံးက ချမှတ်ထားသည့် အမိန့်အပေါ် မကျေနပ်သောကြောင့် ပြင်ဆင်ပေးရန် လျှောက်ထားသည့် ရာဇဝတ်ပြင်ဆင်မှုအမှတ် ၆၂(ခ)/ ၂၀၁၈ ၊ အောင်ဝင်းထွန်းက ခရိုင်တရားရုံးမှ ၎င်းအပေါ် စွဲချက်တင်ထားခြင်းအပေါ် မကျေနပ်သဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသည့် ရာဇဝတ်ပြင်ဆင်မှုအမှတ် ၆၃(ခ)/၂၀၁၈ နှင့် ကြည်လင်းက ၎င်းအပေါ် ခရိုင်တရားရုံးက ၁၈၇၈ လက်နက် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ခံထားရမှုကို မကျေနပ်၍ ပြင်ဆင်ပေးရန် လျှောက်ထားမှုတို့လည်း ပလပ်ခံရသည့် အမှုများတွင် ပါဝင်ကြောင်း သိရသည်။

ယင်းကြောင့် ပလပ်ခံခဲ့ရသည့် အမှုများမှာ ခရိုင်တရားရုံး၏ မူလ စွဲချက်တင်ထားသည့် ပုဒ်များအတိုင်း ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“တရားဥပဒေအတိုင်း ဥပဒေရဲ့အတိုင်း ဆုံးဖြတ်ချက် ခံရမယ်လို့ ရဲရဲဝံဝံ ကျွန်တော် မြင်တယ်။ ဘာလို့လဲဆိုတော့ လုပ်ကြံခံရတဲ့ သူက NLD ပါတီရဲ့ ဥပဒေအကြံပေး ဥပဒေအဖွဲ့ဝင် ဖြစ်နေတယ်။ ဒီအပေါ်မှာလည်း ဘာမှ စိတ်အစွဲအလမ်း မထားဘူး။ ဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ဟာ သူမှန်ရာကို လုပ်တဲ့အတွက် ကျွန်တော် ထောက်ခံတယ်။ ဘာလိုလဲဆိုတော့ လေဆိပ်မှာ ကြည်လင်း ရှိနေတယ်။ အောင်ဝင်းဇော် ရှိနေတယ်။ ကြည်လင်း၊ အောင်ဝင်းဇော်နဲ့က လွဲလို့ ဘယ်သူမှမရှိဘူး။ သူတို့နှစ်ယောက် အတူတူပဲဆိုတာ မြင်သာနေတယ်။ ဒီအပေါ်မှာ သူတို့နှစ်ယောက် ကြိုတင်ကြံစည်ပြီးတော့ ပူးပေါင်းဆောင်ရွက်ခဲ့တာ မြင်တဲ့အတွက် ၃၄ နဲ့ ဆွဲချက်တင်ထားတယ်။ အလားတူပဲ ဇေယျာဖြိုးပာာ အမှုမှာ ပတ်သက်တဲ့ အထောက်အထားတွေတော့ ရှိတယ်။ သို့သော် အမှုဖြစ်တဲ့နေရာမှာ သူမရှိဘူး။ ၃၄ အရ ဆွဲချက်တင်လောက်တဲ့ အနေအထားမှာ မရှိဘူး။ ဇေယျာဖြိုးရဲ့ အနေအထားပာာ ပြစ်မှုကျူးလွန်တဲ့ တစ်စိတ်တစ်ပိုင်း ပတ်သက်ကူညီတဲ့ အကြောင်းအရာကြောင့်ဆိုရင် ၁၀၉ နဲ့ ဆွဲချက်တင်ရမယ်။ ဒါလည်း အမှန်ပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော် တရားသူကြီးဟာ သူ့ရှေ့မှာ ရောက်လာတဲ့ကိစ္စမှာ အမှုမှာ သက်သေခံချက်တွေအတိုင်း ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားတယ်။ ဘယ်သူ့မျက်နှာမှ မထောက်ဘူး။ ဥပဒေမျက်နှာကို တစ်ခုတည်းကြည့်ပြီးတော့ ဆောင်ရွက်လာတဲ့ ကိစ္စမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ တစ်ခုတော့ ရှိတယ်။ ဒီထက် နည်းနည်းလေး မြန်စေချင်တယ်” ဟု ဦးကိုနီ၏ ရှေ့နေတစ်ဦးဖြစ်သည့် ဦးခင်မောင်ဌေး (တရားလွှတ်တော်ရှေ့နေ) က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

အမှုကိုအမိန့်ချမှတ်ခဲ့သည့် တရားသူကြီးကမူ သတင်းစာ၊ လူမှုကွန်ရက် စသည်တို့ တွင် တွေ့ရသည့် အမှုနှင့်ပတ်သက်သည့် အရေးအသားများ၏ ဖိအားမပါဝင်ဘဲ အမှုစစ်ဆေး တွေ့ရှိချက်များကိုသာ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အမိန့်မချခင် တရားခွင်အတွင်း၌ ပြောကြားခဲ့သည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသူများ ဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း တ ို့ကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ဖေဖော်ဝါ ရီ ၉ ရက်တွင် စွဲချက်တင်ခဲ့သည်။

ထိုသို့ စွဲချက်တင်ရာတွင် ရာဇသတ်ကြီး အမှုအမှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ)မှ ကြည်လင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ၊ ၃၀၂(၂) ဖြင့် လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် လည်းကောင်း၊ အောင်ဝင်းထွန်း ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၂ ဖြင့် လည်းကောင်း စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရာဇသတ်ကြီး အမှုအမှတ် ၄၆/၂၀၁၇ (လက်နက်မှုအမှုတွဲ) မှ ကြည်လင်း နှင့်အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ)တို့ဖြင့် စွဲချက်တင်ခဲ့သည်။

Most Read

Most Recent