ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်၊ အပေါင်ဆိုင်များထဲမှ ရွှေထည်ပစ္စည်းများ လိမ်လည်ယူဆောင်ပြီး ထွက်ပြေးနေသည့် အမျိုးသမီးကို ပဲခူးတိုင်း၌ ဖမ်းမိ

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်၊ အပေါင်ဆိုင်များထဲမှ ရွှေထည်ပစ္စည်းများ လိမ်လည်ယူဆောင်ပြီး ထွက်ပြေးနေသည့် အမျိုးသမီးကို ပဲခူးတိုင်း၌ ဖမ်းမိ
Published 18 June 2018

ဓာတ်ပုံ - Yangon Police

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်၊ အပေါင်ဆိုင်များထဲမှ ရွှေထည်ပစ္စည်းများ လိမ်လည်ယူဆောင်ပြီး ထွက်ပြေးနေသည့် အမျိုးသမီးကို ပဲခူးတိုင်းဒေသကြီး၌ ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရွှေထည်ပစ္စည်းများ လိမ်လည်ယူဆောင်နေသည့် အမျိုးသမီးမှာ မာလာ(ခ)ဇောင်းတလား(၃၀) နှစ်ဆိုသူဖြစ်ပြီး ၎င်းကို ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၇)၊ ပေါက်ပင်ရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ ခေမာသီလမ်းရှိ ရွှေဆိုင်တစ်ဆိုင်သို့ ဇွန် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ရွှေဆွဲကြိုးတစ်ကုံး ဝယ်ယူလိုကြောင်း ပြောဆိုသဖြင့် ဆိုင်ရှိလူများက ပြသခဲ့ကြောင်း၊ ထို့နောက် ၎င်းကအလေးချိန် ၁ ကျပ် ၇ ပဲ ၆ ရွေးသားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံးကို ဘောင်ချာဖြတ်၍ ယူဆောင်ပြီး ငွေရှင်းရန်အတွက် ရွှေဆိုင်အနီးရှိ ၎င်း၏ဈေးဆိုင်သို့ ငွေလိုက်ယူရန် ပြောဆိုသဖြင့် အရောင်းဝန်ထမ်းတစ်ဦးက လိုက်ယူရာ အဆိုပါ အမျိုးသမီးမှာ (ဈ) ဈေးအတွင်းအရောက် အရောင်းဝန်ထမ်းအား မျက်ခြေဖြတ်ကာ ရှောင်တိမ်းသွားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာ မြောက်ဥက္ကလာပမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ)၇၅၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ လိမ်လည်ယူဆောင်သွားသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အဲ့ဒီဆိုင်ကို ကျူးလွန်သူ ဝင်ပြီးလိမ်လည်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကိုကြည့်ပြီးတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေ ချိတ်ဆက်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့တာမှာ ကျူးလွန်သူကို ပဲခူးတိုင်းထဲမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိတဲ့အမျိုးသမီးက သင်္ဃန်းကျွန်းမြို့နယ်နဲ့ ရန်ကင်းမြို့နယ်ထဲမှာရှိတဲ့ ရွှေဆိုင်နဲ့ အပေါင်ဆိုင်တွေကလည်း အဲ့လိုမျိုးရွှေထည်တွေ လိမ်လည်ခဲ့လို့ အမှုဖွင့်ခံထားရသူဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသူ အမျိုးသမီးမှာ မေ ၂၂ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီးရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းများကို လည်းကောင်း၊ မေ ၂၄ ရက်က ရန်ကင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်းရှိ အပေါင်ဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းများကိုလည်းကောင်း လိမ်လည်ယူဆောင်ခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ခံထားရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိခဲ့သည့် မာလာ(ခ)ဇောင်းတလားကို အခြားလိမ်လည်မှုများ ရှိ/မရှိ ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent