လှည်းကူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာ ၁၇ ချက်ဖြင့် နေအိမ်အတွင်း သေဆုံးမှုဖြစ်ပွား

လှည်းကူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာ ၁၇ ချက်ဖြင့် နေအိမ်အတွင်း သေဆုံးမှုဖြစ်ပွား
Published 17 June 2018

အခင်းဖြစ်နေရာတွင် တာဝန်ရှိသူများက စစ်ဆေးနေစဉ်

လှည်းကူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာ ၁၇ ချက်ဖြင့် နေအိမ်အတွင်း သေဆုံးမှု ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့နယ် ကရုဏာရှင် နာရေးကူညီမှုအသင်းမှ စုံစမ်းသိရှိရသည်။

ဇွန် ၁၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာ အတွင်းရှိ နေအိမ်တစ်အိမ်အတွင်း အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရသဖြင့် ကရုဏာရှင် နာရေးကူညီမှုအသင်းမှ သွားရောက်ကူညီမှုများ ပြုလုပ်ရာ သေဆုံးသူမှာ ၃၉ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို လှည်းကူးမြို့မ ရဲတပ်ဖွဲ့က လှမ်းပြီးသေဆုံးတဲ့ အလောင်းကို ကားနဲ့သယ်ဖို့ အကူအညီ တောင်းတာပါ။ အခင်းဖြစ်ပွားတဲ့ နေရာကိုရောက်တော့ နေအိမ်ရဲ့ မီးဖိုချောင်ထဲမှာ အမျိုးသမီးတစ်ဦး ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။ မီးဖိုချောင်ထဲမှာ ခွေလျက်လေးပါ။ ဇတ်ကိုခုတ်ခံရတဲ့ဒဏ်ရာ ပြတ်လုနီးနီး တစ်ချက်ရှိတယ်။ လက်မောင်း ပြတ်လုဆဲဆဲဒဏ်ရာ၊ ပေါင်မှာလည်း ဓားခုတ်ဒဏ်ရာ ရှိတယ်။ တစ်ကိုယ်လုံးမှာ ဓားခုတ်ဒဏ်ရာက စုစုပေါင်း ၁၇ ချက်ရှိတယ်” ဟု ကရုဏာရှင် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းက နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်လို့ ကျွန်တော်တို့လည်း သိရတယ်။ သူက အဲဒီအိမ်မှာ သူ့ကလေးတွေရယ်၊ ယောက္ခထီးနဲ့ အတူတူနေတာ” ဟု ကရုဏာရှင် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လှည်းကူးမြို့မရဲစခန်းမှ တာဝန်ကျရဲတာဝန်ရှိသူ တစ်ဦးက “ဒီဖြစ်စဉ်ကို စခန်းမှူးပဲ ပြောခွင့်ရှိပါတယ်။ ကျွန်တော်တို့က ပြောခွင့်မရှိပါဘူး။ လူသတ်မှုပုဒ်မ ၃၀၂ နဲ့တော့ အမှုဖွင့်ထားပါတယ်။ အဲဒီကိစ္စတွေကို စခန်းမှူးက ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂  ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

Most Read

Most Recent