ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် နေ့ခင်းကြောင်တောင်မှာပင် သေနတ်သမားတစ်ဦးက ဖြူစင်သန့် ရတနာရွှေဆိုင်ကို အနုကြမ်းစီးပြီး ဆိုင်ရှင်အား ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် နေ့ခင်းကြောင်တောင်မှာပင် သေနတ်သမားတစ်ဦးက ဖြူစင်သန့် ရတနာရွှေဆိုင်ကို အနုကြမ်းစီးပြီး ဆိုင်ရှင်အား ပစ်ခတ်မှုဖြစ်ပွား
Published 11 June 2018

အခင်းဖြစ်ပွားခဲ့သည့် ရွှေဆိုင်အား တွေ့ရစဉ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် ၅ ရပ်ကွက် ဗိုလ်ချုပ်လမ်း မြို့မဘုန်းကြီး ကျောင်းအရှေ့ ဖြူစင်သန့် ရတနာရွှေဆိုင်၌ ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လက်နက်ကိုင်ဆောင်သူ တစ်ဦးက အနုကြမ်းစီးပြီး ဆိုင်ပိုင်ရှင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမှတ် (၅) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဖြူစင်သန့် ရတနာရွှေဆိုင်ရှေ့သို့ Wave ဆိုင်ကယ်တစ်စီး ရောက်လာပြီး ဆိုင်ကယ်ပေါ်မှ ဆင်းလာသူတစ်ဦးက မိုးကာကျောပိုးအိတ် အတွင်းမှ ဂက်စ်သေနတ်အတိုဖြင့် ဆိုင်အတွင်းရှိ ဒေါ်ချိုချိုအေး (၅၅ နှစ်) အား ထုတ်ချိန်ကာ ရွှေထည်ပစ္စည်းများကို အိတ်အတွင်းသို့ထည့်ရန် ပြောကြောင်း၊ ဒေါ်ချိုချိုအေးက ကျပ်တစ်သိန်း ထုတ်ပေးစဉ် လက်နက်ကိုင်ဆောင်သူက သေနတ်ဖြင့် ပစ်လိုက်သဖြင့် ဒေါ်ချိုချိုအေး၏ ရင်ညွန့်သို့ ဖောက်ဝင်သွားကြောင်း သိရသည်။

အဆိုပါ သေနတ်သမားသည် ရွှေထည်ပစ္စည်းများ ထည့်ထားရာ ဗီရိုအနီးသို့ သွားရောက်ပြီး သေနတ်ဖြင့်ချိန်ကာ ရွှေထည်ပစ္စည်းများအား အိတ်အတွင်းသို့ ထည့်ခိုင်းစဉ် ဒေါ်ချိုချိုအေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ သေနတ်ဖြင့် ထပ်မံပစ်ခတ်မည်ကို ကြောက်ရွံ့၍ မှန်ဗီရိုနောက်သို့ ထိုင်ချလိုက်စဉ် သေနတ်သမားက ရွှေထည်ပစ္စည်းများ မယူဆောင်တော့ဘဲ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

သေနတ်ဖြင့် အပစ်ခံရသော ဒေါ်ချိုချိုအေး၏ ဒဏ်ရာမှာ အစာအိမ်ကို ထိမှန်ခဲ့ကြောင်း၊ သေနတ်ကျည်ဆန် ဝင်ပုံနှင့် မတူကြောင်း၊ သွေးထွက်နည်းပြီး သွေးပေါင်ချိန် မကျကြောင်း၊ အခြားကိုယ်တွင်းအင်္ဂါများကို မထိခိုက်ကြောင်း ဆေးရုံမှ ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

ရဲစခန်း တာဝန်ရှိသူများကလည်း Gas အားနှင့်ပစ်သော ခဲစေ့သေနတ် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုကြသည်။ ဆေးရုံတာဝန်ရှိသူများက လူနာသက်သာစေရန် လုပ်ဆောင်ပေးခဲ့ကြပြီး လူနာရှင်က မဲဆောက်ဆေးရုံတွင် သွားရောက်ကုသမည် ဆိုသောကြောင့် ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် လူနာအား မဲဆောက်ဆေးရုံသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ပြီး ဒေါ်ချိုချိုအေးအား ခြိမ်းခြောက်ပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ (အမည်စုံစမ်းဆဲ) အား ခင်ပွန်းဖြစ်သူ ဦးဝင်းညွန့်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကော့ကရိတ် မြို့မရဲစခန်းက (ပ)၂၆၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကော့ကရိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေသည် ခရိုင်ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် သေနတ်သမားအား ဖမ်းဆီးရမိရေး နယ်ထိန်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏နှင့်အတူ စံုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Most Read

Most Recent