ရခိုင်ပြည်နယ်တွင် ယခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၄ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်တွင် ယခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၄ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 10 June 2018

ရခိုင်ပြည်နယ်အတွင်း ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၄ သန်းနှင့် ညီမျှသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ရခိုင်ပြည်နယ်၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း ၆၆ မှု၊ တရားခံ (ကျား) ၈၀၊ မ ရှစ်ဦး စုစုပေါင်း တရားခံ ၈၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိမှုတန်ဖိုး စုစုပေါင်းမှာ (အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၄ သန်းနှင့် ညီမျှသော) ငွေကျပ် ၂၅၃၂၄ ဒသမ ၉၃ သန်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မေ ၈ ရက်ကလည်း ကျပ်သိန်းပေါင်း ၄၈၀၀၀ တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း ၁၇ သိန်းကျော်ကို မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေ ၁ ရက်အထိ စိတ်ကြွဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ်ဆေးပြား၊ ဒိုင်ရာစီပင်၊ ဒိုင်ရာစီပင်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ အက်ဖီဒရင်းစသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒသမ ၉၃၄ ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုမှာ စိတ်ကြွဆေးပြား ၆၁၀၇၀၇၉၉ ဒသမ ၅ ပြား၊ စိတ်ကြွအကြေမှုန့် ၂ ဒသမ ၅၈၆၈ ကီလို၊ ဆေးခြောက် ၁၉၃ ဒသမ ၂၉၅၁၅ ကီလို၊ ဗျူပရီနော်ဖင်း ၄၉၇၃ ပုလင်း၊ အယ်ပရာဇိုလမ်ဆေးပြား ၄၃၂၀ ပြား၊ ဒိုင်ရာစီပင် ၃၁၄၉၄ ပြား၊ ဒိုင်ရာစီပင် ထိုးဆေး ၁၂၂၂၄၀ ပုလင်း၊ မော်ဖင်းထိုးဆေး ၂၂၃၁ ပုလင်း၊ Lutigesic ၃၈၀ ပုလင်း၊ Zoliuncarpa Zolarn ၂၇၀ ပြား၊ ကတ်တမင်း ၀ ဒသမ ၁၄ ကီလို၊ Fantanyl ၇၀၀ ပုလင်းနှင့် အက်ဖီဒရင်း ၀ ဒသမ ၅၁၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အမှုပေါင်း ၆၃၁ မှု ဖွင့်လှစ် အရေးယူနိုင်ခဲ့ကာ တရားခံ ၁၀၁၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလည်း ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်သူ့ကျန်းမာရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးတို့အပေါ် အခြေခံသည့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို ၂၀-၂-၂၀၁၈ ရက်တွင် ထုတ်ပြန်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent