ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ အမှုကြီး ၈၅၆ မှု ဖြစ်ပွားပြီး လူသတ်မှု အပါအဝင် အမှုကြီး ၂၆ မှု ဖော်ထုတ်ဖမ်းဆီးရန် ကျန်ရှိနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ အမှုကြီး ၈၅၆ မှု ဖြစ်ပွားပြီး လူသတ်မှု အပါအဝင် အမှုကြီး ၂၆ မှု ဖော်ထုတ်ဖမ်းဆီးရန် ကျန်ရှိနေ
Published 23 May 2018

တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး တရားခံဖမ်းမိခြင်း မရှိသေးသည့် မင်္ဂလာဒုံ လေးလောင်းပြိုင် လူသတ်မှု အခင်းဖြစ်နေအိမ်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ အမှုကြီး ၈၅၆ မှုဖြစ်ပွားခဲ့ပြီး ၂၆ မှုဖော်ထုတ်ဖမ်းဆီးရန် ကျန်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက မေ ၂၂ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၃၀ ရက်မြောက်နေ့) တွင် ပြောကြားသည်။

လသာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ “ရဲလက်စွဲ အပိုဒ် ၁၇၅၄ ပါ အရေးကြီးသော ရာဇဝတ်မှုကြီး ၁၀ မျိုးနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁.၄.၂၀၁၆ ရက် နေ့မှ ၃၁.၁၂.၂၀၁၇ ရက်နေ့အထိ မည်မျှဖြစ်ပွားခဲ့သည်ကို သိရှိလိုပါကြောင်း၊ အဆိုပါ ဖြစ်ပွားသော မှုခင်းများအနက် တရားခံဖော်ထုတ်ရန် ကျန်ရှိသော မှုခင်းကြီးပေါင်း မည်မျှရှိပါသနည်း၊ ဖော်ထုတ်ရန် ကျန်နေသေးသော အမှုများ ပေါ်ပေါက်စေရန် မှုခင်းစုံစမ်း ထောက်လှမ်းခြင်းနှင့် စပ်လျဉ်းပြီး မည်ကဲ့သို့ ဆောင်ရွက်လျက် ရှိသည်ကို သိရှိလိုကြောင်း” မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အမှုကြီးပေါင်းက ၈၅၆ မှုရှိပါတယ်။ အဲဒီ ၈၅၆ မှုကို ပိတ်သိမ်း ၂၄ မှုရှိတဲ့အတွက် အမှုကြီးလက်ကျန် ၂၆ မှုသာ တင်ပြပါ ကာလအတွင်းမှာ ကျန်ရှိတာ တွေ့ရပါတယ်။ စုစုပေါင်း တရားစွဲတင်တာ ၉၄ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ နှစ်နှစ်နီးပါး ကာလအတွင်း ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးစာရင်းမှာ လူသတ်မှု ၃၀၀ မှုတွင် စွဲတင်မှု ၂၈၀ မှု၊ ပိတ်သိမ်း ၁၀ မှု၊ လက်ကျန် ၁၀ မှုရှိပြီး စွဲတင်ရာခိုင်နှုန်း ၉၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ လုယက်မှု ၈၄ မှုတွင် စွဲတင် ၆၁ မှု၊ ပိတ်သိမ်း ကိုးမှု၊ လက်ကျန် ၁၄ မှုဖြစ်ပြီး စွဲတင်ရာခိုင်နှုန်း ၇၃ ရာခိုင်နှုန်း ရှိကြောင်း၊ ဓားပြမှု တစ်မှုတွင် စွဲတင်တစ်မှုရှိပြီး စွဲတင်ရာခိုင်နှုန်း ၁၀၀ ရှိကြောင်း၊ ပြန်ပေးမှုတစ်မှုတွင် စွဲတင် တစ်မှုရှိပြီး စွဲတင်ရာခိုင်နှုန်း ၁၀၀ ရှိကြောင်း၊ မုဒိမ်း ၄၆၀ မှုတွင် စွဲတင်မှု ၄၅၆ မှု၊ ပိတ်သိမ်းနှစ်မှု၊ လက်ကျန်နှစ်မှုဖြစ်ပြီး စွဲတင်ရာခိုင်နှုန်း ၉၉ ရာခိုင်နှုန်းရှိကြောင်း၊ ဖောက်ထွင်းမှု သုံးမှုတွင် စွဲတင်တစ်မှု၊ ပိတ်သိမ်းနှစ်မှုဖြစ်ပြီး စွဲတင်ရာခိုင်နှုန်း ၃၃ ရာခိုင်နှုန်းရှိကြောင်း၊ တိရစ္ဆာန်ခိုးမှု ငါးမှုတွင် စွဲတင်ငါးမှုဖြစ်ပြီး စွဲတင်ရာခိုင်နှုန်း ၁၀၀ ၊ မတရားအသင်း နှစ်မှုတွင် စွဲတင်တစ်မှု၊ ပိတ်သိမ်း တစ်မှုဖြစ်ပြီး စွဲတင်ရာခိုင်နှုန်း ၅၀ ရှိခဲ့ကြောင်းနှင့် အမှုကြီး ၁၀မျိုးတွင် ၈၅၆ မှုဖြစ်ပွားပြီး စွဲတင် ၈၀၆ မှု၊ ပိတ်သိမ်း ၂၄ မှု၊ လက်ကျန် ၂၆ မှုဖြစ် ပြီး စွဲတင်ရာခိုင်နှုန်း ၉၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့မှ လုံခြုံရေး၊ တရားဥပဒေ စိုးမုးိရေးနှင့် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုကာ ဖမ်းဆီးမှုများကို ဆောင်ရွက်ကြောင်း၊ ကြိုကာဖမ်းဆီးမှုတွင် သတ်မှတ်ထားသည့် ကြိုကာ ၁၀ မျိုးရှိပြီး၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ ကြိုကာ ၈၅၆၈၅ မှု ကို ကြိုတင် ကာကွယ်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

အလားတူ ၂၀၁၆ ခုနှစ် ဇွန် ၁၄ ရက်မှ စတင်ကာ ရပ်ရွာအခြေပြု ရဲလုပ်ငန်းစနစ်ကို ပြည်သူလူထုနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ပြည်သူများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊ သတင်းပေးပို့ခြင်း၊ ပြစ်ချက်ဟောင်းရှိသည့် တရားခံများကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လက်ကျန်ရှိသည့် အမှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လစဉ်၊ အပတ်စဉ် အစည်းအဝေး ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် မှုခင်းများ ဖော်ထုတ်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင် လာနိုင်ရေးအတွက် ပိုမိုစည်းရုံး ဆောင်ရွက်သင့်ကြောင်း ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

 

Most Read

Most Recent