မိုးကုတ်မြို့နယ်တွင် မိသားစုလေးဦး အသတ်ခံရ

မိုးကုတ်မြို့နယ်တွင် မိသားစုလေးဦး အသတ်ခံရ
Published 18 May 2018

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ညောင်ပင်ကျေးရွာအုပ်စုတွင် မိသားစု လေးဦးလုံး အသတ်ခံရမှု မေ ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မိုးကုတ်မြို့နယ် ညောင်ပင်ကျေးရွာအုပ်စု စိန်အင်း ကျေးရွာမြောက်ဘက် ဆယ်မိုင်ခန့်အကွာရှိ တောထဲတွင် တောင်ယာလုပ်ကိုင်သူ လင်မယားနှစ်ဦးနှင့် ကလေးနှစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စိန်အင်းကျေးရွာအနီးတွင် တောင်ယာလုပ်ကိုင်သူ ဦးရန်တား (၄၉ နှစ်)၊ ဇနီးမအားလူမီး (၃၉ နှစ်)၊ သား မောင်အလေး  (၁၅ နှစ်)နှင့် သမီး မအဝူး(၁၀ နှစ်) တို့လေးဦးသည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“မိုးကုတ်မြို့နယ်ထဲက ရွာတစ်ရွာမှာ မိသားစုလေးဦးလုံး သတ်ခံရတယ်ဆိုတာပဲ သိရသေးတယ်။ ကျူးလွန်သူတွေ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတုန်းမို့ ဘာကြောင့် ဖြစ်တယ် ဆိုတာတွေ မသိရသေးပါဘူး” ဟု မန္တလေး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ မိသားစုလေးဦးလုံး အသတ်ခံရသော်လည်း ရွာတွင် နေထိုင်ကျန်ရစ်ခဲ့သူ သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent