w ကမာရွတ်မြို့နယ်တွင် ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမျိုးသားအား သေဒဏ်ချမှတ် - Eleven Media Group <

ကမာရွတ်မြို့နယ်တွင် ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမျိုးသားအား သေဒဏ်ချမှတ်

ကျူးလွန်ခဲ့သူအား တွေ့ရစဉ် (ဓာတ်ပုံ – Yangon Police)

ကမာရွတ်မြို့နယ်တွင် ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ကာ သတ်ဖြတ်ပြီး အလောင်းကို ရထားသံလမ်းပေါ်၌ စွန့်ပစ်ခဲ့သည့် အမျိုးသားကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက သေဒဏ် ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် ရဲတပ်ဖွဲ့ ကတရားစွဲဆိုခဲ့ကာ တရားရုံးက စစ်ဆေးခဲ့ပြီး ၎င်းသည် မိန်းကလေးငယ်ကို သားမယားပြုကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည့်အတွက် လူသတ်မှု၊ မုဒိန်းမှု ပုဒ်မများဖြင့် စွဲချက်တင်ကာ ၂၀၁၈ ခုနှစ် မေ ၁၁ ရက်တွင် သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ် ၆ ရပ်ကွက် ဟံသာဝတီ ဘူတာနှင့် လှည်းတန်း ဘူတာကြား မိုင်တိုင်အမှတ် (၄/၁၂) ရထား သံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရထားမောင်းသူက မြင်တွေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားပြီးနောက် ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးရာ အဆိုပါနေရာတွင် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အလောင်းအားစစ်ဆေးရာ မိန်းကလေးငယ်မှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အခင်းဖြစ်ပွားရာ နေရာအနီးတွင် လွယ်အိတ်နှစ်လုံးနှင့် ခဲတံချွန်ခေါက်ဓား တစ်ချောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကမာရွတ်မြို့မရဲစခန်း မှ (ပ) ၆၄၁/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးရာ သေဆုံးသူ မိန်းကလေးငယ်မှာ လှိုင်သာယာမြို့နယ် မီးခွက်ဈေး အောက်ထိပ်နေ မ….(၁၀နှစ်) ဖြစ်ကြောင်းသိရပြီး ၎င်း၏မိခင်ဖြစ်သူနှင့်အတူ လှည်းတန်းခုံးတံတားအောက်တွင် ပန်းရောင်းသည့်အလုပ် လုပ်ကိုင်သည်ဟု စုံစမ်းသိရှိခဲ့ရကြောင်း သိရသည်။

မိခင်ဖြစ်သူဒေါ်…အား ခေါ်ယူမေးမြန်းရာ နိုဝင်ဘာ ၂၄ ရက်တွင် ၎င်းနှင့် သမီးဖြစ်သူ မ…(၁၀နှစ်) တို့ လှည်းတန်း ခုံးတံတားအောက်၌ ပန်းရောင်းနေစဉ် ဒေါ်…. ညီမ၏ ခင်ပွန်းဟောင်း တောင်းရမ်း စားသောက်သည့် အလုပ်ကို လုပ်ကိုင်သော ပြာကလောင် (ခ) ကျော်ကြီး ဆိုသူရောက်ရှိလာခဲ့ပြီး တစ်ဦးတည်း ပိုက်ဆံတောင်းရမ်း နေရသည်မှာ အဆင်မပြေသဖြင့် မ…. (၁၀နှစ်) အား ထည့်ပေးလိုက်ရန် ဒေါ်…. အား ပြောဆိုရာ ဒေါ်…..မှ ထည့်ပေးလိုက်ကြောင်း သိရသည်။

ယင်းသို့ သမီးဖြစ်သူကို ထည့်ပေးလိုက်ပြီးနောက် ည ၈ နာရီခန့်တွင် ပြာကလောင် တစ်ဦးတည်း ပြန်လည် ရောက်ရှိလာသဖြင့် သမီးအား မေးမြန်းရာ ပြန်လွှတ်လိုက်ပြီဟု ပြာကလောင်မှ ပြောဆိုခဲ့ပြီး ဒေါ်….က သမီးဖြစ်သူ ပြန်မရောက်သေးကြောင်း ပြောဆိုစဉ် ပြာကလောင်မှာ လိုက်ရှာမည် ဟုဆိုကာ အင်းလျားကန်ဘောင်သို့ ထွက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ သံသယရှိသည့် ပြာကလောင် (ခ) ကျော်ကြီးအား ကမာရွတ်မြို့မ ရဲစခန်းက  လိုက်လံဖမ်းဆီးခဲ့ပြီး ပြာကလောင်ကို နိုဝင်ဘာ ၂၅ ရက်တွင် ဒလမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးစဉ် ကျူးလွန်ခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် သေဆုံးသည့် မိန်းကလေးငယ်ကို စစ်ဆေးသော ဆေးစာအရ မုဒိမ်းမှုကိုပါ ကျူးလွန်ခံထားကြောင်း တွေ့ရှိရသဖြင့် ပြာကလောင်ကို လူသတ်မှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အပြင် မုဒိမ်းမှုပုဒ်မ ဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

May 11, 2018














Copy Protected by Chetan's WP-Copyprotect.