ပြည်မြို့မ ရဲစခန်းအနီးတွင် ညအချိန်၌ ဓါးကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး

ပြည်မြို့မ ရဲစခန်းအနီးတွင် ညအချိန်၌ ဓါးကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး
Published 9 May 2018

ဓါတ်ပုံ- ကျွဲပေါက်(ခ)သူရအောင် အားဆေးရုံသို့ခေါ်ဆောင်လာစဉ် ကြည့်ရှု့နေသူများကို မေလ ၈ ရက်နေ့ ညက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့မ ရဲစခန်းအနီးတွင် ညအချိန်၌ ဓါးကိုင်ရမ်းကားနေသူအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျွဲပေါက်(ခ)သူရအောင် မှာ ထောင်မှထွက်လာသူဖြစ်ပြီး မေလ ၈ ရက်နေ့ ည ၉ နာရီကျော်ခန့်က ပြည်မြို့၊ မြောက်စောင်းတန်းလမ်း၊ မစန်းလေး ထမင်းသုပ်ဆိုင်တွင် ဓားကိုင်ကာ ရမ်းကားနေကြောင်း ဖုန်းဆက်အကြောင်းကြားမှုကြောင့် လှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့က သွားရောက်တားဆီးရာ ရဲတပ်ဖွဲ့ဝင်အချို့အား ကိုင်ဆောင်ထားသည့် ဓားဖြင့် ခုတ်ရန်ပြေးလာသဖြင့် ရဲတပ်သား ဇင်မင်းစိုးက ၁၂ ဗို့ပန့် အက်ရှင်ပြောင်းချော သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ လက်ဝဲဘက် အောက်နံကြားသို့ ထိမှန် လဲကျသွားခဲ့ကြောင်း သိရသည်။

“ကျွဲပေါက်က သောင်းကျန်းနေတယ်ဆိုပြီး ကျွန်တော်ဆီကို ဖုန်းသတင်း ဝင်လာတယ် စခန်းမှူးကိုလည်း ဖုန်းဆက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အဲမှာ လိုက်ရှာတယ် လှည့်ကင်းအဖွဲ့က နာရီစင်နားမှာတွေ့တော့ ဟိုကောင်က မင်းတို့ဘာလာလုပ်တာလည်း ဓါးနဲ့ခုတ်မယ်ဆိုပြီးတော့ ပြောတော့ ဓါးချပါဆိုတော့ ဓါးမချဘူး ဆိုင်ထဲဝင်ပြေးတယ် ပြီး ပြန်ထွက်လာပြီးတော့ အခုသေနတ်နဲ့ပစ်ဖမ်းတဲ့ ကလေးကို ဓားနဲ့ခုတ်ဖို့လုပ်တယ် အဲမှာ အနီးကပ် ပစ်ဖမ်းလိုက်ရတယ်” ဟု ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်က ပြောသည်။

အဆိုပါ ကျွဲပေါက်(ခ)သူရအောင် မှာ အခင်းဖြစ်ပွားခဲ့ရာ မစန်းလေး ထမင်းသုပ်ဆိုင်တွင် မကြာခဏ ဆိုသလို လာရောက်စားသောက်ကာ ပိုက်ဆံမပေးခြင်း မိုက်ကြေးခွဲခြင်းများ ပြုလုပ်လေ့ရှိကြောင်း အခင်းမဖြစ်ပွားခင် အချိန်ကလည်း ထမင်းသုပ်စားကာ ငွေမပါ၍ ပိုက်ဆံရှာမည်ဟုဆိုကာ ဓါးကိုင်၍ သောင်းကျန်းနေခြင်း ဖြစ်ကြောင်း မြင်တွေ့ရသူများက ပြောကြားသည်။

“ ထောင်ကထွက်လာပြီးကတည်းက ဆိုင်ကို နံနက်သုံးနာရီလောက်ကို နေ့တိုင်းလာစား ပိုက်ဆံမပေးဘူး မိုက်ကြေးခွဲတဲ့ သဘောပေါ့ဗျာ ပြီးရင်လည်း ခင်ဗျားတို့ ကျေနပ်ရဲ့လားမေးတယ် နောက်တစ်ခါ ဆိုင်မှာလာစားတဲ့ ခပ်သန့်သန့်လူတွေဆိုရင် ဓါးနဲ့ထောက်ပြီး ငါးထောင်မျိုး တစ်သောင်းမျိုး တောင်းတယ် အဲတော့ ကျွန်တော်တို့က ဆိုင်မှာ cctv တပ်ထားရတဲ့ အနေအထားကို ရောက်တယ်။ ဒီနေ့ဖြစ်တာကလည်း သောာင်းကျန်းတယ်ဆိုတော့ ရဲကလာတယ် ။ အဖမ်းမခံဘူး ဓါးနဲ့ခုခံတယ် ။ ကျွန်တော်ဆိုင်ထဲထိအောင် ဝင်ပြေးလာပြီးမှ ပြန်ထွက်ခုတ်တယ်” ဟု မစန်းလေး ထမင်းသုပ်ဆိုင်ပိုင်ရှင် ဦးဌေးဝင်းက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ကျွဲပေါက်(ခ)သူရအောင် အား ဆေးရုံသို့ပို့ဆောင်ထားပြီး ယခင်ကလည်း ဓါးခုတ်မှုဖြင့် ထောင်ဒဏ်(၂) နှစ်၊ အချုပ်ခန်း ဖျက်ဆီးမှု ပုဒ်မ ၆(၁) ဖြင့်ထောင်ဒဏ်(၁) နှစ် ကျခံခဲ့ဖူးကြောင်း ၊ လက်ရှိဖြစ်စဉ်ကိုလည်း တာဝန်ဝတ္တရား နှောင့်ယှက်မှုအပြင် အခြား ဥပဒေ ပုဒ်မဖြင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

Most Read

Most Recent