<

ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်သည်ဟုဆိုသည့် အမျိုးသားအား သာကေတနယ်မြေရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်ဖမ်းဆီး

သာကေတမြို့နယ်အတွင်း၌ ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ခဲ့သည်ဟုဆိုသည့် အမျိုးသားအား သက်ဆိုင်ရာ သာကေတနယ်မြေရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း မေ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်…..(၅၃ နှစ်) သည် မေ ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က နေအိမ်တွင်ရှိနေစဉ် ၎င်းနေအိမ်၌ ထင်းခုတ်သည့် အလုပ်ကိုလုပ်ကိုင်သော လှမျိုးထွန်း (ခ) သက်မျိုးထွန်း (၂၈ နှစ်) ဆိုသူက ဒေါ်……(၅၃ နှစ်)၏ မြေးများဖြစ်သော ပထမတန်းတက်ရောက်နေသည့် မ……(၆ နှစ်) နှင့် မောင်……(၁၃ နှစ်) တို့အား အအေးတိုက်မည်ဟုပြောဆိုကာ နေအိမ်မှခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ခေါ်ဆောင်သွားခဲ့ပြီးနောက် လမ်းထိပ်အရောက်တွင် မောင်….(၁၃ နှစ်)အား လှမျိုးထွန်းက ပိုက်ဆံမလောက်သည့် အကြောင်းကိုပြောဆိုပြီး နေအိမ်သို့ပြန်၍ ပိုက်ဆံယူခိုင်းခဲ့ကြောင်း၊ ယင်းနောက် မောင် ……(၁၃ နှစ်)မှာ အိမ်သို့ပြန်၍ ပိုက်ဆံယူပြီး လမ်းထိပ်သို့ပြန်သွားခဲ့ရာ လှမျိုးထွန်းနှင့် မ…..(၆ နှစ်)တို့မှာ အဆိုပါနေရာတွင် မတွေ့ရှိတော့ဘဲ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် မောင်…..(၁၃ နှစ်) မှာ အိမ်သို့ပြန်ပြီး အဘွားဖြစ်သူအား ပြန်လည်ပြောပြခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

“အဲဒီမှာမတွေ့လို့ လိုက်ရှာတော့ အဲဒီနေ့ ညနေ ၄ နာရီလောက်မှာ သာကေတမြို့နယ်၊ ဘုရားလေးကွေ့ထိပ်မှာ ကလေးကို ပြန်တွေ့တယ်လို့ သိရတယ်။ အမျိုးသမီးနှစ်ယောက်က ခေါ်လာပြီး ကလေးကို အိမ်ကိုပြန်လိုက်ပို့တယ်လို့ သိရတယ်။ အဲဒီအမျိုးသမီးနှစ်ယောက်က သူတို့အိမ်မှာရှိနေတုန်း အနီးအနားက EPC ၀င်းကျူတောမှာ ကလေးတစ်ယောက် အော်သံကြားလို့ သွားကြည့်ရင်းနဲ့ ဒီကလေးကိုတွေ့တာ။ တွေ့တော့ အိမ်ကိုပြန်ပို့ကြရင်း သူ့အိမ်က လိုက်ရှာနေတဲ့ လူတွေနဲ့ လမ်းမှာတွေ့တာ။ ကလေးကတော့ ခုဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထို့နောက် ဒေါ်…..(၅၃ နှစ်)မှ မြေးဖြစ်သူ မ…..(၆ နှစ်) အား မေးမြန်းရာ လှမျိုးထွန်းဆိုသူက အအေးတိုက်မည်ပြောပြီး ခေါ်ဆောင်သွားကာ EPC ၀င်း ကျူတောများအတွင်းသို့ အရောက်၌ လှမျိုးထွန်းက မ……(၆ နှစ်) ကို သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်းနှင့် သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မ…..(၆ နှစ်)မှာ မိန်းမကိုယ် သွေးထွက်ဒဏ်ရာနှင့် ပါး၊ မျက်ခမ်းနှင့် နှုတ်ခမ်းတို့တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်ကို ဒေါ်…. (၅၃ နှစ်) မှ သက်ဆိုင်ရာရဲစခန်းဖြစ်သည့် သာကေတ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ)၃၀၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၃၂၃ ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူ ဒဂုံဆိပ်ကမ်းမြို့နယ်နေ လှမျိုးထွန်းကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

May 6, 2018














Copy Protected by Chetan's WP-Copyprotect.