လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်၍ ခိုးမှု ၁၆ မှုအထိ ကျူးလွန်ထားသည့်အဖွဲ့ကို ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်၍ ခိုးမှု ၁၆ မှုအထိ ကျူးလွန်ထားသည့်အဖွဲ့ကို ဖမ်းဆီးရမိ
Published 30 April 2018

လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်၍ ခိုးမှု ၁၆ မှုထိ ကျူးလွန်ထားသောအဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း ဧပြီ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

“သူတို့အဖွဲ့က ခိုးမှုတွေ ကျူးလွန်ထားတယ်လို့ သတင်းရလို့ဖမ်းဆီးပြီး စစ်ဆေးခဲ့တာပါ။ အားလုံးငါးယောက်။ လှိုင်သာယာမြို့နယ်ထဲကို လှည့်ပြီး ဖုန်းတွေလိုက်ခိုးနေတာ။ ခုသက်ဆိုင်တဲ့စခန်းမှာ အမှုတွေဖွင့်ပြီး အရေးယူထားတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသူငါးဦးမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် မင်းသူရကျော်၊ ပြည့်စုံထွန်း၊ ကျော်ဇေယျ၊ သက်ပိုင်ထွန်း၊ ရဲရင့်မင်းဦး ဆိုသူတို့ဖြစ်ကြပြီး ၎င်းတို့ငါးဦးကို ဧပြီ ၂၁ ရက် ညနေပိုင်းတွင် လှိုင်သာယာမြို့နယ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးပြီး စစ်ဆေးရာ ၎င်းတို့သည် သက်ပိုင်စိုး၊ ပြည့်ပြည့်ဆိုသူတိုနှင့်အတူ လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မဟာဆွေလမ်းဘေးရှိ အဆောင်တစ်ဆောင်အတွင်းမှ လက်ကိုင်ဖုန်းတစ်လုံးကိုလည်းကောင်း၊ ၎င်းတို့ငါးဦးသည် ၂၀၁၇ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွင်းက လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ချင်းတွင်းလမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံး၊ အမှတ် (၆) ရပ်ကွက်၊ ပညာပတ်လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းနှစ်လုံး၊ အမှတ် (၅) ရပ်ကွက်၊ မဟာဆွေလမ်းဘေးရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံး၊ မဟာဆွေ (၈) လမ်းဘေးရှိ မုန့်ဆိုင်တစ်ဆိုင်အတွင်းမှ ဖုန်းတစ်လုံးတို့ကိုလည်းကောင်း ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ပြင် ၎င်းတို့ငါးဦးသည် ၂၀၁၇ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွင်းကပင် လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်၊ ချင်းတွင်း (၃) လမ်းဘေးရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံး၊ သီရိဇေယျာလမ်းဘေးရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံး၊ မဟာဆွေ (၅) လမ်းဘေးရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံး၊ ဗိုလ်ချုပ်လမ်းဘေးရှိ ဖုန်းဆိုင်တစ်ဆိုင်အတွင်းမှ ဖုန်းနှင့် ငွေဖြည့်ကတ်များ၊ အဆိုပါလမ်းရှိ ဈေးဆိုင်တစ်ဆိုင်အတွင်းမှ ဖုန်းတစ်လုံး၊ အမှတ် (၆) ရပ်ကွက်၊ သီရိဇေယျာလမ်းဘေးရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံး၊ အမှတ် (၅) ရပ်ကွက်၊ ချင်းတွင်းလမ်းဘေးရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံး၊ မဟာဆွေ (၆) လမ်းဘေးရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံးတို့ကိုလည်းကောင်း ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent